ရန်လင်းအောင် (မော်လမြိုင်၊ ဧပြီ ၂၀)
မွန်ပြည်နယ်အတွင်း နေ့စဉ်လိုအပ်သည့် အခြေခံစားသောက်ကုန်များနှင့် နေ့စဉ်လူသုံးကုန်ရောင်းချသည့် ဆိုင်များမှလွဲ၍ ကျန် အခြားပစ္စည်းများ ရောင်းချသည့် ဆိုင်များအားလုံးကို ဧပြီလကုန်အထိ ပိတ်ထားရန် ပြည်နယ်အစိုးရအဖွဲ့မှ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့သို့ ညွှန်ကြားထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။
“အသားငါး ဟင်းသီးဟင်းရွက် နေ့စဉ်စားသောက်ကုန်ရယ် နေ့စဉ်လူသုံးကုန် ဥပမာဆပ်ပြာရယ် နေ့စဉ် အတူတကွ သုံးဆောင်နေရတဲ့ အရာ အဲ့ဟာနဲ့ ပတ်သက်ပြီး ရောင်းချတဲ့ ဆိုင်တွေကိုတော့ မြို့နယ်အလိုက် စည်ပင်သာယာရေး ဈေးတွေမှာ မြို့နယ်ထွေအုပ်ရယ် ရပ်မိရပ်ဖတွေရယ် ဈေးမိဈေးဖတွေရယ် အဲလိုအဖွဲ့တွေ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆက်လုပ်သွားဖို့ ကျန်တဲ့ အခြားပစ္စည်းပေါ့ ရေရှည်ရောင်းနေတဲ့ ဆိုင်တွေ ရေရှည်သုံးတဲ့ အခြားပစ္စည်းပေါ့ အိမ်ဆောက်ပစ္စည်းဆိုင်မျိုးတွေ အခြားပစ္စည်းဆိုင်တွေ ဒါတွေတော့ လက်တလောမှာ ဧပြီ ၃၀ ရက်နေ့အထိပေါ့နော် ရောင်းတာကို ပိတ်ထားပေးဖို့ ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားတာရှိတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် မွန်ပြည်နယ် အတွင်းမြို့နယ်မျာရှိ စည်ပင်ပျံကျဈေးများတွင်လည်း Covid 19 ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်အကွာအဝေးဖြင့် နေရာချထားမှုနှင့် ဈေးရောင်းချသူနှင့် ဝယ်သူများ Mask များ တပ်ဆင်ရန် ညွှန်ကြားထားသည်ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။
လက်ရှိမှာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များကို ညွှန်ကြားထားပြီး ပိတ်ရန်ညွှန်ကြားထားသည့် ဆိုင်များလိုက်နာမှုမရှိပါက အရေးယူသွားမည်ဖြစ်သည်ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ဆိုသည်။
“စားသောက်ကုန်နဲ့ နေ့စဉ်မဖြစ်မနေ သုံးရတဲ့ လူသုံးကုန်ပစ္စည်းကလွဲပြီးတော့ ကျန်တဲ့ အရေးမကြီးတဲ့ အဝတ်အထည်တို့ ရွှေဆိုင်တို့ ပိတ်သိမ်းဖို့ ညွှန်ကြားချက်ထွက်ထားပေးတယ် ပိတ်သိမ်းခိုင်းထားတဲ့ဆိုင်တွေ ဥပမာ အဝတ်အထည်တို့ ရွှေဆိုင်တို့ အရေးမကြီးတဲ့ဆိုင်တွေ ဖွင့်လှစ်မယ်ဆိုလို့ရှိရင် ဆိုင်ကို ပိတ်သိမ်းမယ့်အထိ အရေးယူဖို့အတွက် ပြောထားတယ် ” ဟု ၎င်းကဆိုသည်။
ယင်း အစိုးရညွှန်ကြားချက်တွင် ဧပြီလကုန်အထိ ပိတ်ရန်ညွှန်ကြားထားပြီး လိုအပ်ပါက ရက်ထပ်တိုးသွားရန် ရှိသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။
အလားတူ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးအတွက်၊ တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ အားလုံးကို ဧပြီလ ၃၀ ရက်နေ့အထိ ပိတ်ထားရန် အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဝန်ကြီးဌာနက ဧပြီလ-၁၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် လူ ၅ ဦး ဖြစ်စေ၊ ၅ ဦးအထက် ဖြစ်စေ စုဝေးခြင်းမပြုရဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၂၀ ခုနှစ် အေပြီလ ၁၆ ရက် ညနေပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။
