နေ့စွဲ။ ။ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်။
၁။ တိုင်းရင်းသား
သတင်းမီဒီယာများ၏ အင်တာနက် စာမျက်နှာများအပါအဝင် အင်တာနက် စာမျက်နှာပေါင်း ၂၂၁
မျက်နှာကို မိုဘိုင်းအင်တာနက်က တစ်ဆင့် ဝင်ရောက်ကြည့်ရှုလို့မရအောင် ပြီးခဲ့သည့်
သတင်း ပတ်များ အတွင်းက စ၍ အစိုးရက ပိတ်ပစ်ခဲ့ကြောင်း သိရှိရသည်။ ယင်းသို့
လုပ်ဆောင်မှုနှင့် ပတ်သက်၍ ယခုကြေညာ ချက်ထုတ်ချိန်အထိ အစိုးရက အများပြည်သူအား
အသိပေးမှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိရာ မည်သည့် အင်တာနက်စာမျက်နှာများ
ပါဝင်သည်ကို အသေးစိတ် သိရှိနိုင်ခြင်း မရှိပေ။
-မတ်လ (၂၆) ရက် နှင့် (၂၇) ရက်တွင် Myanmar Now နှင့် Frontier သတင်းဌာနတို့၏ ရေးသားဖော်ပြချက်များအရ ယင်းမတိုင်မီ မတ်လ (၂၁)ရက်နေ့ ကတည်းကပင် အဆိုပါ အင်တာနက်စာမျက်နှာများအား ပိတ်ပစ်လိုက်ရန် တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီ ၄ ခုအား အစိုးရက ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
– မတ်လ (၃၀) ရက်နေ့တွင် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနောမြန်မာက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ညွှန်ကြားချက်အရ အင်တာနက်စာမျက်နှာ ၂၂၁ ခုအား အသုံးပြုသူများ ဝင်ရောက်ဖတ်ရှုလို့ မရတော့အောင် ပိတ်ပင်လိုက်ရကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။
– ဧပြီ (၁) ရက်နေ့အတွက် BNI အဖွဲ့၏ ထုတ်ပြန်ချက်အရ မတ်လ (၂၃) ရက် နှင့် (၂၄) ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော သတင်းများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားဖော်ပြနေသည့် နိရဉ္စရာသတင်းဌာနှင့် Development Media Group (DMG) တို့အပါအဝင် အချို့မီဒီယာများ၏ အင်တာနက်စာမျက်နှာများကို MPT နှင့် Mytel တို့တွင် ဝင်ရောက်ဖတ်ရှု၍ မရတော့သည်ကို တွေ့ရသည့်အပြင် ကရင်ပြည်နယ်ရှိ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Karen News အင်တာနက် စာမျက်နှာသည်လည်း မတ်လ ၂၆ ရက်နေ့က စ၍ MPT ဖြင့် ဝင်ရောက် ကြည့်ရှု၍ မရတော့ကြောင်း သိရှိရသည်။
၂။ အစိုးရက အဆိုပါ အင်တာနက်စာမျက်နှာများကို ပိတ်ပင်ရန် အမိန့်ညွှန်ကြားချက်သည် တရားဝင်အကြောင်းပြချက်မရှိခြင်း၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ချိုးဖောက်နေခြင်းကို ကျွနု်ပ်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ရပါသည်။
(၁) ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို အသုံးချ၍ သတင်းအချက်အလက်များကို ပိတ်ပင်တားဆီးခြင်းနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိုမိုတားဆီးသည့် အစိုးရ၏လုပ်ရက်များကို ကျွနု်ပ်တို့အနေဖြင့် စိုးရိမ်ပူပန်မိပါသည်။
(၂) ထို့အပြင် အင်တာနက်စာမျက်နှာများကိုပိတ်ရန် အမိန့်ညွှန်ကြားရာတွင် နိုင်ငံတကာအဘောတူစာချုပ် (ICCPR) ပုဒ်မ ၁၉ ၏ အဆင့် သုံးဆင့်ပါ လေ့လာဆန်းစစ်ချက်နှင့် ကိုက်ညီမှုမရှိသည်ကိုလည်း ကျွနု်ပ်တို့အနေဖြင့် စိုးရိမ်ပူပန်မိပါသည်။ ယင်းတို့မှာ-
(၁) ဥပဒေတွင် ရေးသားဖော်ပြထားရမည်။
(၂) ကန့်သတ်ရန် လိုအပ်ချက်ရှိရမည်။
(၃) ကန့်သတ်ချက်သည် အချိုးညီမျှမှုရှိရမည် စသည်တို့ ဖြစ်ကြသည်။
(၃)လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်နှင့် အမြင်အယူအဆဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ အင်တာနက်စာမျက်နှာတစ်ခုလုံးအား ပိတ်ပင်ခြင်းကို နိုင်ငံတကာဥပဒေအရ တားမြစ်ထားသော ကလေးသူငယ် လိင်အမြတ်ထုတ်ဖျော်ဖြေရေး၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျုးလွန်ရန် လှုံ့ဆော်ခြင်း၊ ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ ရန်လိုမုန်းတီးခြင်းနှင့် အကြမ်းဖက်မှုကိုဖြစ်စေသော လူူမျိုးရေး သို့မဟုတ် ဘာသာရေးအခြေခံ စည်းရုံးလှုံ့ဆော်ခြင်းများ စသည့်အကြောင်းအရာများ ပါဝင်သည့် အင်တာနက်စာမျက်နှာများကို ကိုင်တွယ်ရာတွင်သာ ကျိုးကြောင်းဆီလျော်မည်ဖြစ်ကြောင်း နှင့် အစိုးရ၏ လုပ်ရပ်များကို ထောက်ပြဝေဖန်မှုများ၊ အစိုးရမှ မနှစ်သက်သော ရေးသားဖော်ပြချက်များကြောင့် ကန့်သတ်ခြင်းမှာ မဖြစ်သင့်ကြောင်း ၂၀၁၁ ခုနှစ် မေလတွင် ထုတ်ပြန်သည့် ၎င်း၏ အစီရင်ခံစာ (A/HRC/17/27) တွင် ပြောဆိုထားသည်။ ပိတ်ပင်ရာတွင်လည်း မည်သည့်အကြောင်းအရာမျိုးကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ကနဦးကတည်းက ဥပဒေတွင် ရှင်းလင်းစွာ ဖော်ပြထားရမည်ဖြစ်ပြီး၊ ယင်းပိတ်ပင်ရန်အမိန့်ကိုလည်း အစိုးရအာဏာပိုင်များက ပြုလုပ်ရမည် မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ သို့မဟုတ် အခြားမလိုလားအပ်သော သြဇာလွှမ်းမိုးမှုများမှ ကင်းလွတ်သည့် တရားရုံးနှင့် တရားသူကြီး၏ အမိန့်ဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်သည်။ အမိန့်ညွှန်ကြားချက်ကို ICCPR ပုဒ်မ(၁၉) ပုဒ်မခွဲ (၃) ပါ လိုအပ်ချက်နှင့် အချိုးညီမျှမှုတို့အရ တင်းတင်းကျပ်ကျပ်ကန့်သတ်ထားရမည့်အပြင်၊ ပိတ်ပင်လိုက်သည့် အင်တာနက်စာမျက်နှာစာရင်းနှင့် ပိတ်ပင်ရသည့် တရားဝင်လိုအပ်ချက်အသေးစိတ်ကို အများပြည်သူအား ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ပြပေးရပါမည်။ မြန်မာအစိုးရ၏ အမိန့်ညွှန်ကြားချက်သည် နိုင်ငံတကာဥပဒေပါ အဆင့် (၃) ဆင့်ဆန်းစစ်ချက်တွင် (၃) ချက်လုံးနှင့် ကိုက်ညီမှုမရှိဘဲ၊ လူ့အခွင့်အရေးချိုးဖောက်မှု သက်သက်သာဖြစ်ကြောင်း ကျွနု်ပ်တို့အရပ်ဖက်အဖွဲ့အစည်းများမှ ရှုမြင်သည်။
၃။ တယ်လီနောမြန်မာ၏ ကြေညာချက်အရ အစပိုင်းတွင် အစိုးရ၏ တောင်းဆိုမှုအပေါ် နိုင်ငံတကာစံနှုန်းများအရ တရားဝင်သော အကြောင်းပြချက်မရှိသဖြင့် ယင်းအင်တာနက်စာမျက်နှာများအား ပိတ်ချရန် ငြင်းဆန်ခဲ့သေးသော်လည်း ယခုအချိန်တွင်မူ အစိုးရတောင်းဆိုသည့်အတိုင်း ပိတ်ချလိုက်ရပြီ ဖြစ်သည်။ ယင်းအခြေအနေသည် အစိုးရမှ ဒီမိုကရေစီလူ့အဖွဲ့အစည်းက လက်ခံနိုင်လောက်သည့် တရားဝင်အကြောင်းပြချက်ပေးရန်မလိုဘဲ၊ ယင်းတယ်လီဖုန်းအော်ပရေတာများအနေဖြင့် အစိုးရပေးလာမည့် နောက်ဆက်တွဲအကျိုးဆက်များကို စိုးရိမ်သောကြောင့် အမိန့်ညွှန်ကြားချက်အား လက်ခံလိုက်ရသည့် အခြေအနေမျိုးဖြစ်ပြီး လွန်စွာစိုးရိမ်စရာကောင်းလှသည်။
၄။ မြန်မာအစိုးရအနေဖြင့် ရခိုင်နှင့် ချင်းပြည်နယ်များရှိ ပြည်တွင်းစစ်များ ဖြစ်ပွားနေသော မြို့နယ် (၉) မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ ၉ လကျော် ကြာမြင့်နေပြဖြစ်ကာ၊ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုအဖြစ် ရုပ်ဆိုးအကျည်းတန်စွာမှတ်တမ်းတွင်လျက်ရှိသည်။ တချိန်တည်းမှာပင် အဆိုပါဒေသရှိပြည်သူများ၏ သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်တို့ကို ပိုမိုထိခိုက်စေပါသည်။ ထို့အတွက်ကြောင့် ကျွနု်ပ်တို့အရပ်ဖက်အဖွဲ့အစည်းများမှ အင်တာနက် အမြန်ဆုံး ပြန်ဖွင့်ပေးပါရန် တောင်းဆိုချက်များကို အစဉ်တစိုက် ပြုလုပ်လာခဲ့သည်။ သို့သော် မြန်မာအစိုးရသည် ကျွနု်ပ်တို့အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အသံကို လျစ်လျူရှုလျက် အင်တာနက် ဖြတ်တောက်ခြင်းအပြင် ထပ်မံ၍ အဆိုပါဒေသတွင် ရုံးစိုက်သည့် နိရဉ္စရာသတင်းဌာနနှင့် Development Media Group (DMG) တို့၏ အင်တာနက်စာမျက်နှာများကို ပိတ်ပင်လိုက်ခြင်းသည် ဒီမိုကရေစီဖော်ဆောင်ရေးတွင် အင်မတန် ရေးကြီးလှသော သတင်းမီဒီယာ လွတ်လပ်ခွင့် နှင့် ပြည်သူ့အကျိုးစီးပွားဖြစ်သော သတင်းအချက်အလက် သိရှိပိုင်ခွင့်ကို အာဏာရှင်ဆန်ဆန် ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။
၅။ ထို့ကြောင့် ကျွနု်ပ်တို့မှ အောက်ပါအချက်များကို တောင်းဆိုလိုက်ပါသည်။
(၁) ပိတ်ပင်လိုက်သည့် အင်တာနက်စာမျက်နှာများကို ချက်ချင်းပြန်လည်ဖွင့်ပေးရန်။
(၂) အင်တာနက်ဖြတ်တောက်ခံထားရသော ရခိုင်နှင့် ချင်းပြည်နယ်များရှိ အဆိုပါ မြို့နယ် (၉) မြို့နယ်တွင် အင်တာနက်အား ခြွင်းချက်မရှိ ချက်ချင်းပြန်လည်ဖွင့်ပေးရန်။
(၃) ဆက်သွယ်ရေးဥပဒေပါ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၇၇၊ ၇၈ နှင့် ကျန်ပုဒ်မများကို လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြန်လည် သုံးသပ်၊ ပြင်ဆင်ရန်။
(၄) အနာဂတ်တွင်လည်း အဆိုပါ ဒေသများသော်လည်းကောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ လက်နက်ပ ပက္ခဖြစ်ပွားသည့် အခြားဒေသများအပါအဝင် ကျန်ဒေသများတွင် သော်လည်းကောင်းနှင့် မည်သည့်အခြေအနေတွင်မဆို ယခုကဲ့သို့ အင်တာနက်နှင့် အခြားဆက်သွယ်ရေးစနစ်များအား ထပ်မံဖြတ်တောက်ခြင်းများ၊ အင်တာနက်အမြန်နှုန်းလျော့ချမှုများ၊ အင်တာနက်စာမျက်နှာများကို ပိတ်ခြင်း (လုံးဝ) မပြုလုပ်ရန်။
၆။ အစိုးရအနေဖြင့် ယခုဖြစ်ပေါ်နေသော COVID-19 ကပ်ရောဂါအတွင်းပြန့်ပွားနေသော သတင်းအမှားများနှင့် ရေရှည်တွင် ဖြစ်လာနိုင်သော အခြေအနေများ၌ သတင်းအမှားများကို တုံ့ပြန်ရာတွင် အင်တာနက်စာမျက်နှာများကို ပိတ်ပင်ခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီသော လုပ်ဆောင်ချက်မဟုတ်ဘဲ အောက်ဖော်ပြပါနည်းလမ်းများဖြင့် တုံ့ပြန်နိုင်ရန် တိုက်တွန်းပါသည်။
(၁) အရေးပေါ်အခြေအနေများတွင် အများပြည်သူအပါအဝင် သတင်းမီဒီယာများ၊ သတင်းစိစစ်မှုပြုလုပ်သော အဖွဲ့အစည်းများမှ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီရရှိစေရန် သတင်းအရင်းအမြစ်များ ထားရှိပေးခြင်း (ဥပမာ- ဝက်ဆိုက်၊ ဖုန်းဟော့လိုင်း၊ သတင်းအချက်အလက်အော်တိုမေးရှင်း Bot)
(၂) သတင်းအမှားတိုက်ဖျက်ရေးကို နိုင်ငံတကာစံနှုန်းများနှင့် အညီဆောင်ရွက်ရန်။ ယင်းနိုင်ငံတကာစံနှုန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် မီဒီယာလွတ်လပ်ခွင့်ကို ဖော်ဆောင်ရန်။
(၃) သတင်းအချက်အလက်ပွင်းလင်းမြင်သာမှုနှင့် မြန်ဆန်စွာစီးဆင်းမှုကသာ သတင်းအမှားများပြန့်ပွားနေခြင်းကို တွန်းလှန်နိုင်သောကြောင့် ယင်းသတင်းအချက်အလက်လွတ်လပ်ခွင့်ကို အပြည့်အဝပေးရန်။
