spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်အတွင်း ဘုရားထီးတော်လှည့်လည်၍ လူစုလူဝေးဦးဆောင်သူကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲ

    ကျိုက်မရောမြို့နယ်အတွင်း ဘုရားထီးတော်လှည့်လည်၍ လူစုလူဝေးဦးဆောင်သူကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲ

    -

    ရန်လင်းအောင် (ဧပြီ ၁၊ ကျိုက်မရော)

    ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာအုပ်စု၊ ကြာအင်းချောင်းကျေးရွာနေ  ဦးဇော်မင်းသည် ဘုရားထီးတော်လှည့်လည်၍ လူစုလူဝေးပြုလုပ်သည့်အတွက် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

    “လူစုလူဝေးနဲ့ ဘုရားထီးတင် လှည့်လည်တာရှိတယ် အဲ့ဒီလှည့်လည်တာကို အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေရှိတယ်၊ Covid-19 နဲ့ ပတ်သက်လို့ လူစုလူဝေးမလုပ်ဖို့ သတ်မှတ်ထားတာတွေရှိတယ်၊ ကော့ခလိန်ကျေးရွာအုပ်ချုပ်ရေးမှူးက နှုတ်နဲ့တားတယ် သူတို့က လှည့်လည်ဆောင်ရွက်ခဲ့တယ်” ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

    ဦးဇော်မင်းမှဦးဆောင်၍ ကျေးရွာအတွင်းရှိ ဒါယကာ/ဒါယိကာမများ ၁၅၀ ခန့်တို့သည် မော်တော်ယာဉ် ၁၈ စီး၊ ဆောင်းဘောက်တင်ကား ၂ စီးတို့ဖြင့် ဘုရားထီးတော်တင်ပင့်ဆောင်ရန် လူစုလူဝေးများဖြင့် ကော့ကျိုက်-ဓမ္မသတ်ကားလမ်း၊ ထိုမှတဆင့် ကော့ခလိန်ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးတင်ပြစာအရ သိရသည်။

    လက်ရှိဖြစ်ပေါ်နေသည့် Covid 19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ဧပြီလကုန်အထိ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ တားမြစ်ထားဆဲကာလတွင် လူစုလူဝေးပြုလုပ်သည့်အတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ဆိုသည်။

    “အဓိက လူစုလူဝေးမလုပ်နဲ့ဆိုတာကို လုပ်လို့ပဲစွဲတာ ၃၀ ရက်နေ့မှာလုပ်တယ်၊ ၂၉ ရက်မှာ လုပ်မဲ့သူတွေကို ရပ်ရွာအုပ်ချုပ်ရေးမှူးက ခေါ်ပြောပြီးပြီ၊ သူတို့လုပ်ချင်တယ် ဘာညာလာပြောလို့ ပြောပြီးတဲ့ အပေါ်မှာ လုပ်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြတယ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲပါဆိုလို့ စွဲတယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

    အဆိုပါ တရားစွဲဆိုခံထားရသည့် ဦးဇော်မင်း ဆိုသူမှာ သမ္မတဦးသိန်းစိန်လက်ထက်တွင် ကော့ခလိန်ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကျေးရွာအဆင့် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦးဖြစ်သလို လက်ရှိကော့ခလိန်ကျေးရွာအုပ်ချုပ်ရေးမှူးသည်လည်း ကျေးရွာအဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ 

    သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ၃၀(က)ဖြင့် ကျိုက်မရောမြို့မ ရဲစခန်းတွင် ဦးဇော်မင်းကို တရားစွဲဆိုထားပြီး ပြစ်မှုမြောက်ပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်နှင့် ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံး ကျခံရနိုင်သည်ဟု သိရသည်။

    Photo- ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရဲစခန်းသို့ပေးစာ (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks