spot_img
Sunday, February 22, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအကြပ်အတည်းကာလတွင် တိုင်းရင်းသားမီဒီယာများကို ဖိနှိပ်မှုရှိလာသဖြင့် စိုးရိမ်စရာဖြစ်မိကြောင်း BNI ဆို

    အကြပ်အတည်းကာလတွင် တိုင်းရင်းသားမီဒီယာများကို ဖိနှိပ်မှုရှိလာသဖြင့် စိုးရိမ်စရာဖြစ်မိကြောင်း BNI ဆို

    -

    မင်းသစ္စာခိုင် (ဧပြီလ ၁ ရက်)

    ကမ္ဘာ့ကပ်ရောဂါ Covid-19 ကျရောက်နေချိန် အကြပ်အတည်းကာလအတွင်း တိုင်းရင်းသားမီဒီယာများကိုဖိနှိပ်မှုရှိလာသဖြင့် ပြည်သူများ၏ သတင်းသိပိုင်ခွင့်အပေါ် စိုးရိမ်စရာဖြစ်မိကြောင်း မြန်မာနိုင်ငံ၏အကြီးမားဆုံးတိုင်းရင်းသားမီဒီယာများကွန်ယက်ဖြစ်သည့် နိုင်ငံတကာမြန်မာ့သတင်း (BNI) အဖွဲ့ဝင်သတင်းဌာနတာဝန်ရှိများက ပြောသည်။

    BNI အဖွဲ့ဝင် နိရဉ္ဇရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို အကြမ်းဖက်  တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) / ၅၂(က) ဖြင့် ယမန်နေ့က စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း၊ သတင်းဌာနရုံးကို ရဲတပ်ဖွဲ့ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်တော့ကွန်ပျူတာ (၂) လုံးနှင့် ဝန်ထမ်းသုံးဦးကို ရဲကခေါ်ဆောင်သွားကြောင်း BNI အဖွဲ့ဝင် သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် နိုင်ကိုကိုဇော်က ပြောသည်။

    “ဒီအချိန်က မြန်မာနိုင်ငံမှာ အကျပ်အတည်း ကျရောက်နေတာလေ။ ကပ်ဘေးဆိုးကြီးက ဘယ်လိုမှ ရှောင်လွှဲ လို့မရတဲ့အနေအထားမျိုးမှာ တိုင်းရင်းသတင်းဌာနတွေ သတင်းအမှန်သိနိုင်ဖို့ ကြိုးစားနေတဲ့ကိစ္စကို ဘယ်ကို သွားပြီး သက်ရောက်သလဲဆိုရင် တိုင်းရင်းသားတွေရဲ့ သတင်းသိပိုင်ခွင့်ကို ကန့်ကွက်လိုက်သလို ဖြစ်သွားတယ်။ ဒါကတော့ မဖြစ်သင့်တဲ့ကိစ္စပဲ။ တိုင်းရင်းသားဖြစ်ဖြစ် မြို့ပေါ်မှာ နေတာပဲဖြစ်ဖြစ် တောမှာနေတာပဲဖြစ်စ် သတင်းအမှန် သိရှိသင့်တယ်။ ကောလာဟာလတွေ မပြန့်အောင် ဆောင်ရွက်ရာမှာ မြန်ဆန်သွက်လက်လာမယ်။ ခက်တာက ဒေသအခြေစိုက် တိုင်းရင်းမီဒီယာတွေကို တရားစွဲတာ လုပ်တာကြတော့ သတင်းထုတ်ပြန်မှုအပိုင်း တော်တော်လေး ခက်သွားနိုင်တယ်။ ပြည်သူတွေ သတင်းအမှန်သိရဖို့ကို တော်တော်လေး ခြိမ်းခြောက်စရာ ဖြစ်လာတယ်” ဟု နိုင်ကိုကိုဇော်က ပြောသည်။

    ထို့ပြင် နိရဉ္ဇရာသတင်းဌာနနှင့်အတူ BNI အဖွဲ့ဝင် ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG)တို့၏ အင်တာနက်စာမျက်နှာကိုလည်း မတ်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) နှင့် Mytel ဖုန်းအင်တာနက်လိုင်းများမှ ပိတ်ပင်ခဲ့သလို ကရင်ပြည်နယ်အခြေစိုက် ကရင်သတင်းဌာန၏ Karen News အင်္ဂလိပ်ပိုင်း သတင်းစာ မျက်နှာကိုလည်း MPT ဖုန်းအင်တာနက်ဖြင့် ကြည့်ရှုမရကြောင်း မတ်လ ၂၉ ရက်နေ့တွင် BNI က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဌ နန်းဖော့ဂေက “ဒီအချိန်ဟာ သတင်းမီဒီယာတွေ ပြည်သူထံ သတင်း မှန် ပေးပို့နိုင်ရေးဟာ အရေးကြီးဆုံးအချိန် ဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ချီတက်  နေတဲ့ ကျမတို့နိုင်ငံမှာလည်း စစ်ရေးပဋိပက္ခ အခြေအနေတွေနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ Covid-19 ကမ္ဘာ့ကူး စက်ရောဂါဆိုင်ရာ သတင်းတွေကို ကျင့်ဝတ်နဲ့အညီ သတင်းထုတ်လုပ်နေတဲ့ အထူးသဖြင့် ပြည်နယ်အခြေစိုက်မီဒီယာတွေကို ပိတ်ပင်လိုက်ခြင်းဟာ လူထုပရိသတ်တွေကို သတင်းအမှောင်ချရာရောက်သလို အစိုးရက Freedom of Expression ကို ချိုးဖောက်ရာရောက်နေပါတယ်”ဟု ပြောသည်။

    အရပ်သားအစိုးရတစ်ရပ်ဖြစ်သည့် NLD အစိုးရအနေဖြင့် လက်ရှိဖြစ်ပျက်နေသော သတင်းဌာနများအပေါ် ဆက်သွယ်ရေးအော်ပရေတာများက ဝက်ဘ်ဆိုက်စာမျက်နှာများကို ပိတ်ပင်မှု၊ ရခိုင်၊ ချင်းပြည်နယ်များတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်၊ ထုတ်ဖော်ရေးသားခွင့်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ(MPC)အနေဖြင့် ကူညီဆောင်ရွက်ပေးသွားစေ လိုကြောင်း BNI ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

    တိုင်ရင်းသားမီဒီယာများကွန်ယက်ချိတ်ဆက်ပြီး BNI ကို ၂၀၀၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး လက်ရှိတွင်အဖွဲ့ဝင်မီဒီယာ (၁၆) ခုရှိကာ တစ်နှစ်လျှင်တစ်ကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ပြည်နယ်အလိုက်လှည့်လည်ကျင်းပခဲ့သည်။

    ထို့ပြင် VOM (Voice of Myanmar) အယ်ဒီတာချုပ် ကိုနေမျိုးလင်း ရက္ခိုင့်တပ်တော် AA အား ဖုန်းဖြင့်အင်တာဗျူးခဲ့သည်ကို အကြောင်းပြု၍ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) ၊ ၅၂ (က) တို့ဖြင့် မတ်လ ၃၀ ရက် ညနေပိုင်းတွင် ရဲတပ်ဖွဲ့က နေအိမ်မှလာရောက်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

    Photo-နိရဉ္စရာအင်တာနက်စာမျက်နှာ (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks