Tuesday, March 17, 2026
More
    spot_img
    Homeသတင်းမွန်ညီညွတ်ရေးပါတီ Covid-19 တားဆီးကာကွယ်ရေးကော်မတီဖွဲ့စည်း

    မွန်ညီညွတ်ရေးပါတီ Covid-19 တားဆီးကာကွယ်ရေးကော်မတီဖွဲ့စည်း

    -

    မင်းသစ္စာခိုင် (မတ် ၂၆)

    မွန်ညီညွတ်ရေးပါတီက Covid-19 တားဆီးကာကွယ်ရေးကော်မတီတစ်ရပ်ကို ယမန်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

    ကော်မတီအနေဖြင့် ဘဏ္ဍာရေးနှင့် စီမံအုပ်ချုပ်ရေး၊ ပညားပေးရေး၊ သတင်းအချက်အလက်များ စုဆောင်းဖြန့်ဝေရေး၊ သံသယလူနာ အရန်စောင့်ကြည့်ရေးစခန်း စသည့် လုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း ပါတီတွဲဖက်အတွင်းရေးမှူး(၁) နိုင်လယီတမက ပြောသည်။

    နိုင်လယီတမက “ကျွန်တော်တို့ လုပ်ငန်းစဉ် (၃) ခု လုပ်သွားဖို့ရှိတယ်။ ပထမက ပညာပေး လုပ်ငန်း၊ နောက်တစ်ခုက သတင်းအချက်အလက်စုပြီး ဆက်လက်ဖြန့်ဝေဖို့၊ နောက်တစ်ခုက သံသယလူနာတွေ ထားဖို့အတွက် အစိုးရဆေးရုံမှာ စီစဉ်ထားတာရှိတယ်။ ဒါပေမဲ့ တစ်နေ့ကျ သံသယလူနာ များလာရင် ဆေးရုံမှာ လူနာထားဖို့ အခက်ခဲဖြစ်လာရင် ထားဖို့နေရာ စီစဉ်သွားဖို့ရှိတယ်” ဟု ဆိုပါသည်။

    သံသယလူနာထားရှိရန် မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေးမြို့တို့နေရာ (၃) ခု လျာထားပြီး လိုအပ်သောဆက်စပ်ပစ္စည်းနှင့် နေထိုင်စားသောက်စရိတ်တို့ကို တာဝန်ယူသွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောသည်။

    “လက်ရှိမှာတော့ သံဃာတော်တွေကို စာမေးပွဲဖြေဆိုတာ နားထားတယ်။ တကယ်လို့ စာသင်တိုက်တွေ ပိတ်ထားလို့ အားနေတာရှိရင် ကျွန်တော်တို့ သွားရောက်ညှိနှိုင်းပြီး စီစဉ်သွားမယ်။ ဘုန်းကြီးကျောင်းမှာပဲ ကျယ်ဝန်းတော့ နေရာက အဆင်ပြေနိုင်တယ်” ဟု နိုင်တလညီက ဆိုပါသည်။

    တဖက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး သံသယလူနာကို ပြုစုစောင့်ရှောက်ရန် စေတနာ့ဝန်ထမ်းများလည်း ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

    “စေတနာ့ဝန်ထမ်းက နှစ်မျိုးလောက် ဖြစ်သွားမယ်။ လုပ်အာပေး အကူသဘောမျိုးနဲ့ ဆေးပညာတတ်သိနားလည်တဲ့သူလည်း ရှာရမယ်။ နာပ်(စ) မ အဆင့်တွေပေါ့။ ကျွန်တော်တို့က ကုသပေးတဲ့အပိုင်းတော့ မဟုတ်ဘူး။ သံသယလူနာကို စောင့်ရှောက်ပြီး ပညာပေးတဲ့အဆင့်လောက်ပဲ လုပ်သွားမယ်” ဟု နိုင်တလညီက ဆက်ပြောသည်။

    လက်ရှိ Covid-19 တားဆီးကာကွယ်ရေးကော်မတီအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ကွင်းဆင်းပြီး ပညာပေးလုပ်ငန်းများကို ကျေးရွာအလိုက်၊ ဒေသအလိုက်လုပ်ဆောင်သွားရန်ရှိကြောင်း ကော်မတီက ဆိုသည်။

    အလားတူ မွန်ပြည်သစ်ပါတီအနေဖြင့် မိမိတို့ ထိန်းချုပ်ရာနယ်မြေတွင် Covid-19 ကြိုတင်ကာကွယ်ရေးအစီအစဉ်များ လုပ်ဆောင်သွားရန် သက်ဆိုင်ရာ ခရိုင်နှင့် ကျန်းမာရေးကော်မတီအသီးသီးကို ညွှန်ကြားထားကြောင်း သိရသည်။

    လက်ရှိ မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး တွေ့ရှိသူ (၃) ဦးရှိပြီး အမေရိကန်မှ ပြန်လာသူတစ်ဦးနှင့် အင်္ဂလန်နိုင်ငံမှ ပြန်လာသူနှစ်ဦးဖြစ်ကြောင်း သိရသည်။

    Caption; Covid-19 ကာကွယ်ရေး ပိုစတာ (Aot Jae)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks