spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားရေး ဘုရားသုံးဆူနယ်စပ်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်

    ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားရေး ဘုရားသုံးဆူနယ်စပ်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်

    -

    မွန်သတင်းအေဂျင်စီ (မတ်လ ၁၆)

    ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများနှင့် နယ်စပ်တလျှောက် အလုပ်လုပ်နေကြသည့် အလုပ်သမားများထံမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာမည်ကို စိုးရိမ်သည့်အတွက် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ နယ် ကျန်းမာရေးဌာနမှ နယ်စပ်ဝင်ထွက်နေသူများအား မတ်လ ၁၆ ရက်နေ့ မှ စတင်ပြီး အပူစမ်းသပ် စစ်ဆေးနေကြောင်း သိရသည်။

    ထိုင်းနိုင်ငံမှ ဝင်ရောက်လာသူ မည်သူ့ ကို မဆို နာမည်စာရင်းဖြင့် မှတ်တမ်းတင်ရင်း ၎င်းတို့ ၏ အပူကို ကိုယ်ပူတိုင်းတာစက်ဖြင့် တိုင်းတာပြီး အပူချိန် (၉၉) ဒီဂရီ ဖာရင်ဟိုတ်အထက် ရှိသူများအား အပူချိန်ကို ထပ်မံတိုင်းတာကာ သာမာန်အထက် အပူရှိနေပါက ဘုရားသုံးဆူဆေးရုံသို့ ပို့ ဆောင်ပေးသည်ဟု သိရသည်။

    အပူတိုင်းတာရာတွင် ဦးဆောင်နေသူ သူနာပြုဆရာမက "ကျမတို့ ဒီနေ့ ပဲ စပြီး ဒီနယ်စပ်မှာ တိုင်းတာတာဖြစ်ပါတယ်။ အထက်က ညွန်ကြားလာပါတယ်။ ထိုင်းမှာက ဒီကိုရိုနာဗိုင်းရပ်စ် ရှိနေပြီလေ၊ မြန်မာနိုင်ငံကို ကူးမလာဖို့ စစ်ဆေးတာပါ။ အခု သင်္ကြန်နီးလာပြီ ဖြစ်တဲ့အတွက် အလုပ်သမားတွေ ပိုပြီး ပြန်လာတဲ့ ပိုပြီးစိုးရိမ်ရတာပေါ့" ဟု ဆိုသည်။

    ဘုရားသုံးဆူ ထိုင်းမြန်မာနယ်စပ်တရားဝင် မဖွင့်ထားသော်လည်း နယ်စပ်ဂိတ်ဘေးတဝိုက် ဝင်လာသည့် ခရီးသည်ကားများအား မြန်မာနိုင်ငံ ပြည်သူ့ ရဲတပ်ဖွဲ့ မှ ခေတ္တရပ်စေကာ ခရီးသည်များအား အပူတိုင်းတာ စစ်ဆေးခြင်း ဖြစ်သည်။

    ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်မှ ရွှေ့ပြောင်းအလုပ်သမား ကိုဝင်းထွန်းက "ကျနော်တို့ အလုပ်လုပ်နေတဲ့ နေရာမှာတော့ ရောဂါကြောင့် စက်ရုံ အလုပ်ရုံ ပိတ်တာတော့ မရှိသေးဖူး၊ ကျနော်က အခု မိသားစုနဲ့ သဌေး (ထိုင်းအလုပ်ရှင်) ကို အခွင့်တောင်းပြီး သင်္ကြန်အတွက် ရွာပြန်တာပါ" ဟု ပြောသည်။

    ထိုင်းနိုင်ငံ လူဝင်ကြီးကြပ်ရေးဦးစီးဌာနမှ မြန်မာနိုင်ငံမှ တရားမဝင် အလုပ်သမား (၆၀) ဦးခန့် အား မတ်လ ၁၆ ရက်နေ့ ဘုရားသုံးဆူမြို့သို့ ပြန်လည်ပို့ ဆောင်ခဲ့ကြောင်း တွေ့ရသည်။

    သင်္ကြန် နီးလာသည့် ကာလဖြစ်သည့်အလျှောက် ရွှေ့ပြောင်းအလုပ်သမားများ နေ့စဉ်ရာနှင့်ချီပြီး  ဘုရားသုံးဆူ နယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံရှိ မိမိတို့ရပ်ရွာဒေသအသီးသီးသို့ ပြန်လာခြင်း ဖြစ်သည်။

    ကမ္ဘာ့ပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ ကမ္ဘာ့နိုင်ငံ (၁၄၀) နီပါး၊ လူဦးရေအား (၁၆၀,၀၀၀) ကျော် ကူးစက်ကာ လူ (၄၀၀၀) ကျော် သေဆုံးသော်လည်း မြန်မာနိုင်ငံတွင် မည်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သည့် လက္ခဏာ သို့ မဟုတ် လူနာ မတွေ့ ရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

    သို့ ရာတွင် ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် လူစုလူဝေးနေရာများဖြင့် ပွဲလန်းသဘင်များအပါအဝင် အတာသင်္ကြန်မဏ္ဍာပ်ဆောက်လုပ်၍ လူစုလူဝေးဖြင့် မကျင်းပရန် အစိုးရက မတ်လ (၁၃) ရက်နေ့တွင် ကျေညာချက်ပြန် တားမြစ်ခဲ့ထားသည်။ 


    Photo- ဘုရားသုံးဆူမြို့တွင် ကျန်းမာရေးဌာနမှ အပူတိုင်းနေစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks