spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအတ္ထရံမြစ်ကမ်းပါးတလျှောက် ပြိုကျပျက်စီးသည့်နေအိမ်အချို့ ပြောင်းရွှေ့နိုင်ရန် အစိုးရဆောင်ရွက်ပေးစေလို

    အတ္ထရံမြစ်ကမ်းပါးတလျှောက် ပြိုကျပျက်စီးသည့်နေအိမ်အချို့ ပြောင်းရွှေ့နိုင်ရန် အစိုးရဆောင်ရွက်ပေးစေလို

    -

    ရန်လင်းအောင် (မတ် ၁၂)

    ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ကမ်းပါးတလျှောက်ရှိ နေအိမ်အချို့အက်ကြောင်းဖြစ်ပေါ်၍ ပြိုကျပျက်စီးခဲ့သည်ကို ပြောင်းရွေ့နေထိုင်နိုင်ရန် အစိုးရအနေဖြင့်  တာဝန်ယူဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုလျက်ရှိသည်။

    ပျားတောင်ဒေသရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှ ကျောက်မီးသွေးနှင့် ဘိလပ်မြေတင်ဆောင်သည့် သင်္ဘောကြီးများ နေ့စဉ်ဖြတ်သန်းသွားလာမှုနှင့် ထုံးကျောက်တောင်များကို မိုင်းဖောက်ခွဲစဉ် မြေကြီးတုန်ခါမှုကြောင့် ယခု ၃ နှစ်ကာလအတွင်း ယင်းသို့နေအိမ်အချို့ ပြိုကျပျက်စီးမှုဖြစ်ပေါ်လာရသည်ဟု ဒေသခံများက ယူဆနေသည်။

    ကွမ်ငန်းကျေးရွာနေ ဒေါ်စန်းမွန်က “အိမ်တစ်လုံးပြန်ဆောက်ဖို့က မလွယ်ဘူး၊ ဝယ်ဖို့လည်းမလွယ်ဘူး၊ ပြောင်းဖို့ရွေ့ဖို့က မြေကွက်တွေကို  အစိုးရချပေးမှအဆင်ပြေမယ်၊ အစိုးရမပေးရင် အစ်မကြီးတို့ အခြေအနေနဲ့ ဝယ်လို့မလွယ်ဘူး၊ ဖြစ်စေချင်တာက အခုအိမ်မှာနေလို့မရတော့ဘူးလေ၊ အစိုးရက ပိုက်ဆံပေးမလား မြေကွက်ချပေးမလား အဲလိုတစ်ခုခုလုပ်ပေးရင်တော့ ကျေနပ်ပြီးပေါ့ မြေကွက်ချပေးရင်ပိုကောင်းတာပေါ့ ဘယ်နေရာနေရနေရပေါ့ ခုဟာက နေစရာမှမရှိတော့တာ” ဟု ၎င်းက ဆိုသည်။

    အဆိုပါ အတ္ထရံမဖြစ်ကြောင်းတလျှောက်တွင် ကမ်းပါးပြိုကျခြင်း၊ ကမ်းပါးအနီးအနားရှိ  နေအိမ်များယိမ်းယိုင်သွားခြင်း၊ ရေနေသတ္တဝါများရှားပါးလာခြင်းနှင့် လက်ရှိတွင်နေအိမ် ၃၀ ခန့် အက်ကြောင်းများဖြစ်ပေါ်ပျက်စီးခဲ့ခြင်းကို မကြာမီက မွန်သတင်းအေဂျင်စီမှ TV သတင်း ရိုက်ကူးတင်ပြခဲ့သည်။

    သို့ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “အက်ကြောင်းဖြစ်တဲ့ အကြောင်းအရင်းကို ရှာရမှာ၊ ရွာရဲ့ အယူအဆက အရင်တုန်းက တစ်သက်နဲ့တစ်ကိုယ်နေခဲ့တယ် တစ်ခါမှမဖြစ်ခဲ့ဖူးဘူး၊  အခုမှ တစ်နှစ် နှစ်နှစ်အတွင်းမှာ သင်္ဘောကြီးတွေ ဖြတ်လို့၊ အရင်က သင်္ဘောကြီးတွေက အဲ့လောက်မဖြတ်ဘူးလေ၊  ဒီကိစ္စက ပြည်နယ်အစိုးရကို တင်ပြလာမှ ဆောင်ရွက်လို့ရမယ် ”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယင်းကဲ့သို့ ကျေးရွာတစ်ချို့တွင် ဖြစ်ပေါ်နေသည့် မြေအက်ကြောင်းများကို ပညာရှင်များနှင့် စစ်ဆေးမှုများ ပြုလုပ်သင့်သည်ဟု ဒေါက်တာမင်းကြည်ဝင်းက ယူဆသည်။

    “အောက်ခြေမြေအနေအထားကို စနစ်တကျနဲ့ ပြည်ထောင်စုအဆင့်နဲ့ ညှိနှိုင်းပြီးတော့ ဘူမိဌာနက စသဖြင့်ပေါ့နော် ဆည်မြောင်းဌာန ရေကြောင်းဌာန ရေအရင်းအမြစ်ဌာန စသဖြင့်ပေါ့ စုပြီးတော့ ပညာရှင်နဲ့ တွက်ချက်စစ်ဆေးပြီးတော့ အဖြေတစ်ခုထွက်လာတဲ့အပေါ်မှာ ဒီအိမ်တွေကို ဘယ်လိုဆက်လုပ်လို့ ရမလဲ” ဟု ၎င်းကဆိုသည်။

    လက်ရှိတွင် ယင်းကိစ္စများနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို မိမိအနေဖြင့် သိရှိထားခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။

    MCL ဘိလပ်မြေစက်ရုံအတွက် လိုအပ်သည့် စက်မှုကုန်ကြမ်း ထုံးကျောက် အကြီးစား ထုတ်လုပ်ခွင့်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်ကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် Pacific Link Cement Industry Ltd. တို့ ၂၅ နှစ်အထိ လုပ်ငန်းစာချုပ် ချုပ်ဆိုထားကြောင်း ပြည်ထောင်စုအဆင့်  သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

    အစိုးရ၏ခွင့်ပြုချက်ဖြင့် ၂၀၃၆ ခုနှစ် မတ်လအထိ နှစ်ပေါင်း၂၅ နှစ်ကြာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် လုပ်ငန်းစာချုပ်ချုပ်ဆိုထားသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀%၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀% ဖြင့် ပုဂ္ဂလိကအကျိုးတူ ရင်းနှီးမြှုပ်နှံထားသည်။

    Photo-ကွမ်ငန်းရွာတွင် မြေကြီးအက်ကြောင်းဖြစ်ပေါ်နေပုံ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks