spot_img
Monday, March 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးပိတ်ထားသည့် ဘုရားသုံးဆူ ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်ဂိတ် မြန်မာဘက်ကပြန်ဖွင့်သဖြင့် ပုံမှန်သွားလာနိုင်ပြီ

    ပိတ်ထားသည့် ဘုရားသုံးဆူ ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်ဂိတ် မြန်မာဘက်ကပြန်ဖွင့်သဖြင့် ပုံမှန်သွားလာနိုင်ပြီ

    -

    မွန်သတင်းအေဂျင်စီ(မတ် ၁)

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ တရားမဝင်မလွယ်ပေါက်ဖြတ်ကျော်ဂိတ်နေရာများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နှစ်ဖက်အာဏာပိုင်များ အပြန်အလှန်ပိတ်ထားရာမှ ညောင်ပင်သွပ်တံခါးပေါက်ဂိတ်နေရာကို ယနေ့နံနက်ပိုင်းတွင် မြန်မာဘက်မှပြန်ဖွင့်ပေးသဖြင့် ပုံမှန်သွားလာနိုင်ပြီဟု သတင်းရရှိသည်။

    သို့ရာတွင် ကရင်နယ်ခြားစောင့်တပ် BGF မျိုးချစ်ဂိတ်ပေါက်နေရာကို ထိုင်းဘက်က ကွန်ကရိတုံးများဖြင့် ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို ထိုင်းအာဏာပိုင်များ ရှင်းလင်းပြောကြားခြင်းမရှိပေ။

    “ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးဝါးသယ်ဆောင်ဝင်ရောက်လာနိုင်တယ်လို့ သံသယရှိတဲ့နေရာတွေကို လိုက်ပိတ်တယ်၊ လောလောဆယ်ထိုင်းဘက်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အထူးစီမံချက်ရှိတယ်၊ ဒါပေမယ့် အသေးစိတ်ကိုတော့ ကျနော်တို့မသိရဘူး” ဟု အမည်မဖော်လိုသော မြန်မာမူးယစ်အထူးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နန်နှင့် ထိုင်းတို့အကြား “ရွှေတြိဂံ 1511” အမည်ပေးထားသည့် စစ်ဆင်ရေးအရ မြန်မာနိုင်ငံနယ်စပ်တလျောက်တွင် လုံခြုံရေးတိုးမြှင့်ထားကြောင်း ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူး Niyom Termrisuk ပြောကြားချက်ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ဘန်ကောက်ပို့သတင်းတွင် ဖော်ပြသည်။

    အဆိုပါ စစ်ဆင်ရေးသည် မတ်လကုန်အထိဖြစ်နိုင်ကြောင်း ဘန်ကောက်ပို့က ဆက်လက်ဖော်ပြထားသည်။

    ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ကြီးကို ၂၀၀၇ ခုနှစ်ကတည်းက မြန်မာဘက်မှ ပိတ်ထားခဲ့သည့်အတွက် တရားဝင်ဖြတ်သန်းသွားလာခွင့်မရှိသော်လည်း အဆိုပါမလွယ်ပေါက်ဂိတ်များမှတဆင့် ဒေသခံများက မော်တော်ကား၊ ဆိုင်ကယ်များကို နားလည်မှုဖြင့် အပြန်အလှန်ဖြတ်သန်းသွားလာနေခြင်း ဖြစ်သည်။

    ထိုင်းနယ်မြေဘက်တွင် ဘုရားသုံးဆူရွာ၊ မြန်မာဘက်၌ ဘုရားသုံးဆူမြို့တည်ရှိကာ နယ်နိမိတ်အတိအကျပိုင်းခြားထားခြင်းမရှိသော ကုန်းမြေတဆက်စပ်တည်းဖြစ်သည့် ဘုရားသုံးဆူဒေသတွင် မွန်၊ ကရင်၊ ဗမာ၊ ထားဝယ်၊ လောရှမ်းနှင့် အနည်းငယ်သော ထိုင်းလူမျိုးများ နှစ်နိုင်ငံစလုံးတွင် သွားလာနေထိုင်လျက်ရှိကြသည်။

    ထို့ပြင် ဘုရားသုံးဆူဒေသမြန်မာပိုင်နက်တွင် တပ်မတော်နှင့် ကရင် BGF တပ်ဖွဲ့များအပြင် ကရင်အမျိုးသားအစည်းအရုံး KNU, ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC နှင့် မွန်ပြည်သစ်ပါတီတပ်စခန်းများနှင့် မြို့ပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားရှိသည်။

    Photo- ထိုင်မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမြေပုံကြမ်း(Google Map)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks