spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းတရားမဝင်ရေလုပ်ငန်းနှင့် ကျားဖောင်များ လူကုန်ကူးမှုဖြစ်စေဟု ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်း

    တရားမဝင်ရေလုပ်ငန်းနှင့် ကျားဖောင်များ လူကုန်ကူးမှုဖြစ်စေဟု ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်း

    -

    မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ-၇)

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း တရားမဝင်ရေလုပ်ငန်းနှင့် ကျားဖောင်များသည် လူကုန်ကူးမှုဖြစ်စေသည့်အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့်မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက အဆိုတင်သွင်းခဲ့သည်။ 

    “တရားမဝင်လုပ်ကိုင်နေတဲ့ ငါးဖမ်းလှေတွေ၊ ငါးလုပ်ကွက်တွေ၊ ကျားဖောင်တွေဟာ တနည်းအားဖြင့် လူကုန်ကူးမှုတွေ၊ လူကုန်ကူးမယ့်ဖြစ်စဉ်တွေ၊ ဒုစရိုက်လုပ်ငန်းတွေ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စေတဲ့  အကြောင်းအရင်းတစ်ချက်လို့ ကျနော့်အနေနဲ့ တင်ပြလိုတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    ထို့ပြင် တရားမဝင်ငါးဖမ်းလှေ၊ ငါးဖမ်းလုပ်ကွက်များ၊ ကျားဖောင်များအား ဖော်ထုတ်အရေးယူမှုများ အလေးထားဆောင်ရွက်ရန်နှင့် ထိရောက်စွာဖော်ထုတ်အရေးယူပေးရန် ၎င်းက ဆက်လက်တင်ပြသည်။

     “ယမန်နှစ် ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းကိုက ရေးမြို့နယ်နဲ့ဆက်စပ်နေတဲ့ တရားဝင်ငါးလုပ်ငန်းတွေဟာ ၄၀၀ ကျော်အထိရှိခဲ့တယ်၊ ဒီနှစ် နှစ်ဆန်းပိုင်းမှာ ထောင်ကျော်အထိ အဆမတန်ကြီးထွားများပြားလာတာကို လေ့လာတွေ့ရှိရပါတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    တရားမဝင်ငါးလုပ်ကွက်များတိုးပွားလာပြီး ရေလုပ်သားလိုအပ်မှုများပြားလာသဖြင့် လူကုန်ကူးမှုဖြစ်စဉ်များ ပေါ်ပေါက်လာသည့်အတွက် ဒေါက်တာအောင်နိုင်ဦးအဆိုကို မွန်ပြည်နယ်လွှတ်တော်အနေဖြင့် လိုက်နာဆောင်ရွက်သင့်ကြောင်း ရေးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က ထောက်ခံခဲ့သည်။

    “သက်ဆိုင်ရာဌာနများနှင့် လက်တွေ့ကြီးကြပ်နိုင်စွမ်း အားနည်းမှုကြောင့် တရားမဝင်ငါးဖမ်းလုပ်ငန်းများ၊ တရားမဝင်ငါးဖမ်းလှေများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည့်အတွက် အမှန်အကန်လုပ်ဆောင်နေကြတဲ့ ငါးဖမ်းလုပ်ငန်းရှင်တွေက များစွာနစ်နာနေရတယ်” ဟု ဦးချစ်တင်က ဆိုသည်။ 

    မွန်ပြည်နယ်တွင် ငါးဖမ်းကွက် ၁၄ ကွက်ရှိပြီး ရေးမြို့နယ်အတွင်း တရားမဝင် လုပ်ကိုင်နေသော ငါးလုပ်ငန်း ၄ဝဝ ကျော်အထိ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

    ရေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနစာရင်းအရ ၂၀၁၈-၁၉ ခုနှစ် ငါးဖမ်းရာသီကာလအတွင်း ရေးမြို့နယ်တွင် ကမ်းနီးငါးဖမ်းရေယာဉ် ၃၈၇ စင်း၊  ကမ်းဝေးရေယာဉ် ၁၉၅ စင်း၊ ကျားဖောင် အစီး ၁၀၀၀ ကျော်ရှိပြီး ရေလုပ်သား ၄၅၀၀ ယောက်ခန့်ကို  ရေလုပ်သားလက်မှတ်ထုတ်ပေးခဲ့သည်။

    Photo-အဆိုတင်သွင်းသူ ဒေါက်တာအောင်နိုင်ဦး (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks