spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး“ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ရလဒ် ဖြစ်လာမယ်” အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေနှင့် ဆက်သွယ်မေးမြန်းချက်

    “ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ရလဒ် ဖြစ်လာမယ်” အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေနှင့် ဆက်သွယ်မေးမြန်းချက်

    -

    ဗညားအောင်(ဖေဖော်ဝါရီ ၅ )

    အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါဝင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO) ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁-၂) ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကျင်းပခဲ့ပါတယ်။ အခုအစည်းအဝေး ရလဒ်တွေကနေ ရှေ့ဆက်မယ့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် “ဦးလှမောင်ရွှေ” ကို မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    မေး-အစိုးရကိုယ်စားလှယ်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အလုပ်အဖွဲ့တွေရဲ့ ညှိနှိုင်းအစည်းအဝေးကနေ တိုးတက်ဖြစ်ပေါ်မှုတွေ ဘာတွေရခဲ့သလဲ?

    ဖြေ- ဇန်နဝါရီလ ၈ ရက်နေ့က လုပ်ခဲ့တဲ့ JICM မှာ ဆုံးဖြတ်ချက် ၈ ခုရှိတာပေါ့၊ အဲဒီအထဲမှာ ၈ ခုလုံးကတော့ လိုအပ်တဲ့ဆုံးဖြတ်ချက်တွေပါပဲ၊ နောက်တစ်ခါ ကျနော်တို့လုပ်ငန်းအတွက်တော့ ၂ လအတွင်းမှာ UPDJC ခေါ်ဖို့နဲ့ ၄ လအတွင်းမှာ ညီလာခံ(UPC) ဆောင်ရွက်ဖို့ ဆိုတာမျိုးတွေပါပါတယ်၊ ညီလာခံခေါ်ဖို့ကို JICM မှာပါတဲ့ လူတွေအားလုံးဆုံးဖြတ်သလို EAO တွေအားလုံး အစိုးရ၊ လွှတ်တော်၊ တပ်မတော် သဘောတူထားတယ်။

    အဲဒီလို ကျင်းပဖို့သဘောတူထားတဲ့ ညီလာခံမှာ ဘာတွေဘာတွေဆုံးဖြတ်မလဲ ကိစ္စတွေမျိုးရှိသလို တိုင်းရင်းသားတွေဘက်က အဆိုပြုထားတဲ့ NCA Implementation  Framework ပေါ့၊ အရင်က ကျနော်တို့ နဂိုလ်ထဲက framework for communicator တော့ရှိတယ်၊ ဒါက UPDJC အစည်းအဝေးတက်မှပြန်ပြင်ဖို့ရှိတယ်။နောက်တစ်ခုက NCA ကို အကောင်အထည်ဖော်တဲ့ Framework ကို သူတို့က(NCA-S EAO) အဆိုပြုတာရှိတယ်၊ ဒါကိုလည်း ကျနော်တို့ညှိဖို့ရှိတယ်လေ၊

    အဲတော့ ၂ ရက်တာ(ဖေဖော် ၁-၂) လုပ်တဲ့အစည်အဝေးမှာ လုပ်ငန်းစဉ်တွေကို ကျနော်တို့အသေးစိတ် ပြန်ပြီးတော့ ညှိနှိုင်းတဲ့သဘောပါပဲ၊ အစိုးရဘက်က အဆိုပြုတဲ့အချက်တွေရှိသလို EAO တွေဘက်က အဆိုပြုတာလည်း ရှိတယ်၊ ကျနော်တို့က Join လုပ်ရတာဖြစ်တဲ့အတွက် အားလုံးကတော့ သေသေချာချာ ပြောကြဆိုကြလုပ်ကြရတာပေါ့လေ၊ အစည်းအဝေးကနေ ဆုံးဖြတ်ချက်တွေလည်း ရှိတယ် မှတ်တမ်းတွေလည်း ရှိတာပေါ့။  

    မေး-နောက်အစည်းအဝေးတွေမှာ ဘာတွေထပ်ပြီးဆွေးနွေးဖို့ ရှိပါသလဲ?

    ဖြေ-နောက်တစ်ကြိမ်အစည်းအဝေးကို ကျနော်တို့က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျင်းပဖို့တစ်ခုရှိမယ်၊ ၁၇-၁၈ မှာလည်း တစ်ခုရှိတယ်၊ လုပ်ငန်းက မတူဘူးပေါ့၊ JICM ဆုံးဖြတ်ချက် ၁ အတွက်ကတော့ ၁၆ ရက်နေ့ပေါ့၊ JICM ဆုံးဖြတ်ချက် ၂ အတွက်က ၁၇-၁၈ တွေမှာ ဆွေးနွေးမှာပေါ့။

    တိုင်းရင်းသားတွေဘက်က အဆိုပြုထားတဲ့အပေါ်မှာကို ပြန်ညှိမယ့်ဆုံးဖြတ်ချက် ၂-၃-၄ တွေမှာ ၂၀၂၀ အလွန်မှာ အဆင့်လိုက်လုပ်ငန်းစဉ်တွေပေါ့၊ Sequence and Step ပေါ့၊ Sequence and Step အကောင်အထည်ဖော်မှုကို အစိုးရဘက်ကလည်း အဆိုပြုတယ် EAO ကလည်းအဆိုပြုတယ်။

    နောက်ပြီးတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်တောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း NCA-S EAO က အဆိုပြုတာရှိတယ်၊ နောက်တစ်ခုကတော့ JICM အစည်းအဝေး မတိုင်ခင်မှာလည်း လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးလိုမျိုး အခြားလိုအပ်တာ ကျနော်တို့ထပ်တွေ့ဖို့ရှိတယ်၊ တိုင်းရင်းသားတွေဘက်ကလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဒါမှမဟုတ် Public Consultation ကျင်းပဖို့အဆိုပြုတာ ရှိတယ်။

    ခြုံပြောရင်တော့ ၂ ရက်တာဆွေးနွေးမှုမှာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ရှိတယ်။ EAO ရဲ့အဆိုပြုချက်ကို အစိုးရဘက်ကယူသွားပြီးတော့ ပြန်ညှိနှိုင်းဖို့ရှိသလို ကျနော်တို့ပေးလိုက်တဲ့အဆိုပြုချက်တွေကို သူတို့(NCA-S EAO) ထဲမှာဆွေးနွေးကြပြီးတော့ နောက်တစ်ကြိမ်ကျမှ ပြန်ပြောပြမယ့်အနေအထားမျိုးလည်း ပါတယ်။

    ၂၁ ရာစုပင်လုံအစည်းအဝေးက လေးလအတွင်း(ဧပြီလ) မှာ လုပ်ရှိတယ်၊ ညီလာခံလုပ်ဖို့က နှစ်ဖက်လုံးက ကွန်ဖန်းဖြစ်ပြီးသား၊ အခုဆွေးနွေးနေတာ အဲဒီညီလာခံမှာ ကျနော်တို့ ဘာကိုသဘောတူမှာလည်းဆိုတဲ့ဟာမျိုးတွေအတွက် ကြိုတင်ပြင်ဆင်ပြီး ဆွေးနွေးပြီးတော့မှ အဲဒီသဘောတူနိုင်ဖွယ်ရှိတဲ့ ဥစ္စာကြီးပဲ အသေးစိတ် ကျနော်တို့ပြန်ပြောကြတဲ့သဘောပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဘက်မှာလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်ရှိသလို သူတို့ဘက်မှာလည်း EAO ၁၀ ဖွဲ့ရှိတယ်၊ အဲဒါတွေကို ပြန်ညှိရတော့ အချိန်လိုတာပေါ့လေ၊ ဒါကြောင့် ဒီလထဲကျနော်တို့ ပြန်တွေ့ဖို့ ရှိတာပေါ့။

    မေး- ခုဆိုရင် ၂ လပိုင်းထဲစဝင်နေပြီ၊ ၄ လပိုင်းထဲ UPC လုပ်မယ်ဆိုတော့ အဲဒီမတိုင်ခင် တိုင်းရင်းသားတွေဘက်က လိုအပ်တဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကော လုပ်ဖို့ အချိန်ရနိုင်ပါ့မလား?

    ဖြေ-ဟုတ်တယ်၊ မှန်တယ် ဥပမာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ Consultation Meeting တွေကို မတ်လထဲမှာသူတို့လုပ်ဖို့  EAO ဘက်ကအဆိုပြုထားတာရှိတယ်။ ဒါမျိုးပေါ့ အားလုံးကတော့ ကောင်းမွန်တဲ့ဆန္ဒနဲ့ ကြိုးစားပြီးတော့ လုပ်နေကြတာပေါ့၊ ဒါမျိုးက တစ်ပတ်နှစ်ကွာတာမျိုးလည်း ရှိတတ်တာပေါ့။      

    ခြုံပြီးပြောရင်တော့ ဒီလိုဆွေးနွေးပွဲတွေက ကျနော်တို့ အရင်တုန်းက Informal ပဲ ပြောရတာ တစ်နှစ်ကျော်လောက်ပြောထားကြပြီးတော့ အခု Formal ပေါ့၊ JICM ဆွေးနွေးပွဲက Formal ဖြစ်တယ်၊ အခု ၂ ရက်ဆွေးနွေးနေတာလည်း Formal ဖြစ်တယ်၊ အဲဒီတော့ Formal ဆွေးနွေးပွဲတွေ အခုမှ ကျနော်တို့ပြန်စတာပေါ့ဗျာ၊ အားလုံးကတော့ ကြိုးစားပြီးတော့ ဆောင်ရွက်နေတာပါပဲ၊ ကျနော်ထင်တယ် အဆင်ပြေသွားမှာပါ၊ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ရလဒ်ဖြစ်မှာပဲလေ၊ ဆွေးနွေးရတာတော့ အဆင်ပြေပါတယ်၊   အဲဒီတော့ အားလုံးကတော့ မျှော်လင့်တာထက်တော့ ပိုပြီးတော့ချောချောမွေ့မွေ့ရှိတာပေါ့လေ၊ နှစ်ဖက်လုံးက ဒီအပေါ်မှာအာရုံစိုက်ပြီးတော့ အပြန်အလှန်လေးစားသမှုနဲ့ဆွေးနွေးနေတာပဲ ကောင်းပါတယ်။

    မေး-ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

    Photo-အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ( Hla Maung Shwe Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks