spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး(၇၃) ကြိမ်မြောက်မွန်အမျိုးသားနေ့အကြို မေတ္တာမာရသွန်(Mini) အပြေးပြိုင်ပွဲ ရန်ကုန်မြို့တွင်ကျင်းပ

    (၇၃) ကြိမ်မြောက်မွန်အမျိုးသားနေ့အကြို မေတ္တာမာရသွန်(Mini) အပြေးပြိုင်ပွဲ ရန်ကုန်မြို့တွင်ကျင်းပ

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၁၉)

    ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုတိုင်းရင်းသားအပေါ်တို့၏ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေးကိုဦးတည်လျက် (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) မှ ယမန်နေ့နံနက်စောစောပိုင်းတွင် ရန်ကုန်မြို့၌ မေတ္တာမာရသွန် (Mini) အပြေးပြိုင်ပွဲကျင်းပခဲ့ရာ လူငယ်အင်အား ၄၀၀ ခန့်ပါဝင်ဆင်နွှဲခဲ့ကြသည်။

    မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) တွဲဖက်အတွင်းရေးမှူး(၁) မင်းခိုင်လင်းထွန်းက “ဒီပွဲကို ရည်ရွယ်ချက် ၃ ရပ်နဲ့ကျင်းပတာဖြစ်တယ်၊ ပထမအချက်က ရန်ကုန်မြို့မှာကျင်းပတဲ့ ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုတယ်၊ ဒုတိယအချက်က မငြိမ်းချမ်းသေးတဲ့ကျနော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုစေဖို့ရယ် တတိယအချက်က မွန်တို့ရဲ့မူရင်းဒေသဖြစ်တဲ့ရန်ကုန်မြို့မှာ မွန်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ရရှိဖို့ ရည်ရွယ်တာဖြစ်တယ်” ဟု ဆိုသည်။

    မွန်တက္ကသိုလ်ကျောင်းသားများ၊ မွန်လူငယ်များ၊ မွန်အနုပညာရှင်များ၊ အခြားတိုင်းရင်းသားများနှင့် အားကစားမောင်မယ်များက ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ မွန်ပိဋကတ်တိုက်မှ နံနက် ၄ နာရီအချိန်တွင် တာစထွက်ပြီး အလံပြဘုရားလမ်းကိုပတ်၍ ၄ မိုင်ခန့်ဝေးကွာသည့်ပတ်လမ်းကို ပြေးရခြင်းဖြစ်သည်။

    မေတ္တာမာရသွန်ပြိုင်ပွဲ ပထမဆုရ မင်းအောင်ထွန်းနိုင်က “ထိပ်ဆုံးက ပန်းဝင်တော့ အတိုင်းမသိ ပျော်တာပေါ့၊ နောက်နှစ်တွေမှာလည်း ဒီမွန်စာပေနဲ့ ယဉ်ကျေးမှုကော်မတီကနေပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ မာရသွန်ပြေးပွဲလိုမျိုး အားကစားပြိုင်ပွဲတွေ များများထည့်သွင်းပေးစေချင်တယ်” ဟု ဆိုသည်။

    အလားတူ (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို မာရသွန် (Mini) အပြေးပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပရန်နှိုးဆော်ထားပြီး ပါဝင်ဆင်နွှဲလိုသူများအနေဖြင့် http://minimarathon.meaorg.com (သို့မဟုတ်) ကျင်းပရေးကော်မတီထံသို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။

    မွန်ပြက္ခဒိန်အရ တပို့တွဲလပြည့်ကျော်(၁) ရက်ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ထားပြီး ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင်ကျရောက်မည်ဖြစ်ရာ ရန်ကုန်၊ မော်လမြိုင်နှင့် မွန်လူမျိုးများနေထိုင်ကြသော မြို့ပြကျေးရွာများအပြင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုးရီးယား၊ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု သတင်းရရှိသည်။

    Photo- မေတ္တာမာရသွန်(Mini) အပြေးပြိုင်ပွဲ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks