Homeငြိမ်းချမ်းရေးမွန်ပြည်သစ်တပ်တည်ခွင့်ရဂျပန်ရေတွင်းရွာရှိ ဟင်္သာတိုင်ဂိတ်စခန်းမှ မြန်မာစစ်တပ်နှင့် ကရင် BGF ပြန်ဆုတ်

မွန်ပြည်သစ်တပ်တည်ခွင့်ရဂျပန်ရေတွင်းရွာရှိ ဟင်္သာတိုင်ဂိတ်စခန်းမှ မြန်မာစစ်တပ်နှင့် ကရင် BGF ပြန်ဆုတ်

-

မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၁၄)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်တပ်တည်ခွင့်ရနေရာတစ်ခုဖြစ်သည့် ဂျပန်ရေတွင်းရွာ ကြံတောလမ်းဆုံရှိ ဟင်္သာတိုင်ဂိတ်စခန်းမှ မြန်မာစစ်တပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့် BGF တပ်ဖွဲ့များ ယမန်နေ့(ဇန်နဝါရီ ၁၃ ရက်) ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မနေ့က ဗျူဟာမှူးနဲ့တွေ့တယ်၊ သူတို့ပြန်ထွက်မယ့်အကြောင်း လာပြောတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်အုပ်ချုပ်ရေးဒေသ ဒုခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး M စိုက်ချမ်းက ပြောသည်။

မြန်မာ့စစ်တပ်နှင့် ကရင် BGF တပ်ဖွဲ့ဝင် ခန့်မှန်းအင်အား ၃၀ ခန့်တို့သည် ဟင်္သာတိုင်ဂိတ်စခန်းရှိ ၎င်းတို့၏ယာယီတဲစခန်းကိုဖျက်သိမ်း၍ မော်တော်ကား ၄ စီးဖြင့် ဘုရားသုံးဆူမြို့ဘက်သို့ ထွက်ခွာသွားသည်ဟု စုံစမ်းသိရသည်။

သို့ရာတွင် ဟင်္သာတိုင်ဂိတ်စခန်း၌ မြန်မာစစ်တပ်မှစိုက်ထူထားသည့်အလံကို ဖြုတ်သိမ်းခဲ့ခြင်းမရှိသေးကြောင်း နေအိမ်သို့ မိသားစုအလိုက်ပြန်လာသော ဂျပန်ရေတွင်းရွာသားတစ်ဦးက ပြောသည်။

“သူတို့အလံ မဖြုတ်သိမ်းသေးဘူး၊ သူတို့လာပြီးစခန်းချထားတဲ့ ခြံတစ်ခြံမှာ ညှောင့်တွေဆူးတွေ စိုက်ထားတာ ကျန်သေးတယ်၊ ဒါတွေကို ဘယ်သူရှင်းလင်းမလဲ၊ ဗုံးတွေဘာတွေထောင်ထားသလား မထောင်လား သေသေချာချာ ဘယ်သူပြောနိုင်သလဲ ရှင်းရှင်းလင်းလင်းမသိပါဘူး” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၂၇ ရက်နေ့က မြန်မာစစ်တပ်နှင့် ကရင် BGF တပ်ဖွဲ့ ပူးပေါင်းအင်အား ၁၀၀ ခန့်တို့ သဘာတူညီချက်မရရှိဘဲ မွန်ပြည်သစ်ပါတီ ဂျပန်ရေတွင်းတပ်တည်စခန်းသို့ ဝင်ရောက်လာရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းကဲ့သို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့သည့်အတွက် မြန်မာစစ်တပ်နှင့် ကရင် BGF ပူးပေါင်းတပ်ဖွဲ့က ဂျပန်ရေတွင်းရွာနှင့် မွန်ပြည်သစ်ပါတီရုံးတို့ကို တစ်ပတ်ကြာခန့်သိမ်းပိုက်ပြီးနောက် ဟင်္သာတိုင်ဂိတ်စခန်းလမ်းဆုံ၌ ဆက်လက်အခြေပြုခဲ့ခြင်း ဖြစ်သည်။

ဂျပန်ရေတွင်းတပ်တည်ခွင့်ရနေရာသို့ သဘောတူညီမှုမရရှိဘဲ အင်အားသုံးအတင်းဝင်ရောက်ခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို မြန်မာစစ်တပ်ချိုးဖောက်သည်ဟု မွန်ပြည်သစ်ပါတီက စွပ်စွဲခဲ့သည်။

ယခင် နဝတစစ်အစိုးရလက်ထက်ကတည်းက မွန်ပြည်သစ်ပါတီနှင့် အပစ်ရပ်သဘောတူညီချက် ၁၉၉၅ ခုနှစ်အရ မွန်ပြည်သစ်တပ်ဖွဲ့ဝင်များအား ကရင်ပြည်နယ်နေရာဒေသအတော်များများတွင် တပ်တည်စခန်းတည်ဆောက်ခွင့်ပြုပေးထားခဲ့ပြီး ၂၀၁၂ ခုနှစ်ပြည်နယ်/ပြည်ထောင်စုအဆင့်အပစ်ရပ်စဲခြင်း၊ ၂၀၁၈ ခုနှစ် NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနားများတွင် မွန်ပြည်သစ်ပါတီတပ်တည်စခန်း ၁၉ နေရာကို အစိုးရနှင့်တပ်မတော်က ပြန်လည်အတည်ပြုပေးခဲ့သည်။

Photo-ဟင်္သာတိုင်နေရာ (Facebook)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts