spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်ပြီး ကြေငြာချက်ထုတ်

    မော်လမြိုင်ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်ပြီး ကြေငြာချက်ထုတ်

    -

    မင်းအတွဒ် (မော်လမြိုင်၊ ဇန်နဝါရီလ ၁၃)

    လာမည့်မတ်လနောက်ဆုံးပတ်အတွင်း အတန်းငယ်များစာမေးပွဲစစ်ဆေးခြင်းအား ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီလ ၁၃ ရက်) နံနက်ပိုင်းတွင် မော်လမြိုင်ပညာရေးကောလိပ်ကျောင်းဝင်း၌ ကျင်းပခဲ့ရာ အခြေခံပညာရေးဝန်ထမ်းများ၏ သဘောထားများနှင့်အညီ လိုက်နာဆောင်ရွက်ပေးရန် မော်လမြိုင်ပညာရေးကော်လိပ် ကျောင်းသားများသမဂ္ဂက သဘောထားကြေငြာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

    စာမေးပွဲကာလ မတ်လ ၂၅ ရက်အထိ နောက်ဆုံးထား စာမေးပွဲစစ်ဆေးရမည်ဟု ပြောင်းလဲသတ်မှတ်ခြင်းသည် အတန်းငယ်အသီးသီးမှ ကလေးတွေများအတွက် အဆင်မပြေမှုများရှိကြောင်း မော်လမြိုင်တက္ကသိုလ် ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုခွန်မိုးဦးက ပြောသည်။

    “မြန်မာပြည်အလယ်ပိုင်းက ကလေးတွေဆိုရင် ပိုပြီးသိသာပါတယ်၊ အခုက ရာသီဥတုကလည်း ဖောက်ပြန်နေတယ် ၊ နွေရာသီမှာ ပူတာ အရမ်းကို ပြင်းထန်နေတယ် ဆင်းရဲတဲ့ ဒေသတွေမှာ ကလေးတွေက ဖိနပ်မပါတာရှိမယ် ထီးမပါတာရှိမယ်၊ အဲလိုကလေးတွေက အဲလိုရာသီဥတုပြင်းထန်တာကို ခံနိုင်မှာ မဟုတ်ပါဘူး” ဟု ကိုခွန်မိုးဦးက ဆိုသည်။

    ယင်းကဲ့သို့ စာမေးရက်ပြောင်းရွေ့လိုက်သဖြင့် ဆရာ/ဆရာမနှင့် ကျောင်းသားကျောင်းသူများအတွက် အပူဒဏ်နှင့် ကျောင်းတက်ရသည်မှာ အဆင်မပြေမှုရှိသလို မိဘများအနေဖြင့် ကလေးများ၏ ကုန်ကျစရိတ် တစ်လ ပိုကုန်မည်ဖြစ်သည်ဟု မော်လမြိုင်တက္ကသိုလ် ပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂ ဘဏ္ဍာရေးမှူး မအေးသဉ္ဇာလွင်က ပြောသည်။

    “အခမဲ့ပညာရေးစနစ်သာပြောတယ် လုံးဝအခမဲ့ ပညာရေးစနစ်မဖြစ်လာသေးဘူး၊ မဖြစ်လာသေးတဲ့အတွက် ကလေးတွေအတွက်  မိဘတွေကုန်ကျစရိတ်က တစ်လပိုကုန်မှာဖြစ်ပါတယ်ရှင့်” ဟု မအေးသဉ္ဇာလွင် ဆိုသည်။

    ဒီမိုကရေစီဖက်ဒရယ်လမ်းစဉ်ကို ကူးပြောင်းနေသည်ဆိုသော်လည်း မတ်လကုန်အထိ ကျောင်းတက်ရမည့် အစီအစဉ်ကို ဆရာနှင့်မိဘများ၏ သဘောတူညီချက်မပါသည့်အတွက် ဒီမိုကရေစီလမ်းကြောင်း သွေဖီနေသည်ဟု မော်လမြိုင်တက္ကသိုလ် ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုထူးထူးအောင်က ဆိုသည်။

    “ကျောင်းသုံးလပိတ်ရင်လည်း သူတို့တွေ(ဆရာ/ဆရာမ)သင်တန်းတက်ရတယ် အခုဆိုလိုရှိရင် သင်ရိုးသစ်တွေ သင်ရိုးဟောင်းတွေ ပေါ်လာတယ်ဗျာ၊ သင်ရိုးသစ်တွေအတွက်လည်း ပြင်ဆင်ရတယ်၊ သင်ရိုးဟောင်းတွေအတွက်လည်း ချိတ်ဆက်ပြီးသင်ရတယ်၊ အခုဆိုလို့ရှိရင် သူတို့ဟာ သူတို့ကလည်းထောင့်စေ့နေတယ် ” ဟု ကိုထူးထူးအောင်က ဆိုသည်။

    အလားတူ အခြေခံပညာအတန်းများ၏ စာသင်ကာလတိုးမြှင့်ခြင်းအား ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂများမှ ဦးဆောင်လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

    ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲကို လာမည့်ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၃ ရက်အထိ၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၂၀ ရက်အထိ၊ ကျောင်းတွင်းစစ် စာမေးပွဲများကို မတ် ၂၃၊ ၂၄၊ ၂၅ ရက်နေ့များတွင် သုံးရက်အပြီးကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သတင်းရရှိသည်။

    Photo-မော်လမြိုင်ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂဖဲကြိုးစိမ်းလှုပ်ရှားမှု(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks