spot_img
Wednesday, February 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဂျပန်ရေတွင်းရွာအစပ်တွင် စစ်တပ်စခန်းချထားသဖြင့် ရွာသားများအိမ်ပြန်မနေရဲကြသေး

    ဂျပန်ရေတွင်းရွာအစပ်တွင် စစ်တပ်စခန်းချထားသဖြင့် ရွာသားများအိမ်ပြန်မနေရဲကြသေး

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၂၀)

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်းရွာအစပ် မွန်ပြည်သစ်စခန်းနှင့်ကိုက် ၃၀၀ ခန့်အကွာ၌ မြန်မာစစ်တပ် ဆက်လက်စခန်းချထားသဖြင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပေါ်နိုင်သည့် အနေအထားကြောင့် ရွာသားများ စိတ်ချလက်ချအိမ်ပြန်မနေရဲသေးကြောင်း ဘုရားသုံးဆူမြို့နေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    “တပ်မတော်က ဟင်္သာတိုင်နေရာမှာ စခန်းချထားတယ်၊ ဂျပန်ရေတွင်းမှာ ရှိနေတဲ့ မွန်ပြည်သစ်မြို့နယ်ရုံး တပ်ခွဲရုံးနဲ့ ကိုက် ၃၀၀ ကျော် လက်တစ်ကမ်းအကွာလောက်ပဲဝေးတယ်၊ နှစ်ဖက်တပ်ဖွဲ့တွေ အင်မတန်နီးကပ်နေတဲ့အတွက် အချိန်မရွေးပစ်ခတ်မှုတွေဖြစ်ပေါ်လာနိုင်တယ်၊ အဲဒီတော့ ရွာသားတွေ စိတ်ချလက်ချ အိမ်မှာမနေရဲကြဘူး၊ အိမ်စောင့်တွေကလည်း ပြေးဖို့အတွက်ပဲ အဆင်သင့်ပြင်ထားတယ်” ဟု ဒေါက်တာဗညားအောင်မိုးက ဆိုသည်။

    ထို့အတူ ဂျပန်ရေတွင်းရှိ မွန်အမျိုးသားအလယ်တန်းကျောင်းနှင့် ခရစ်ယာန်သာသနာပြု စာသင်ကျောင်း ၂ ကျောင်း ပိတ်ထားခဲ့ရသည်မှာ မြန်မာစစ်တပ်နှင့် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်တပ်ဖွဲ့တို့ စတင်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့ကတည်းက ဖြစ်သည်။

    ဒေါက်တာဗညားအောင်မိုးက “အဲဒီအရှိန်ကြောင့် ကျနော်တို့ဘုရားသုံးဆူမြို့ပေါ်မှာလည်း အရောင်းအဝယ်တွေ လူသွားလူလာ ပုံမှန်အနေအထားမဖြစ်သေးဘူး၊ နေထိုင်ရတာ စိတ်ချလက်ချမရှိဘူး၊ ရာဘာခြစ်သမားတွေကအစ ခြံထဲမသွားရဲသေးဘူး၊ ကောလဟာလ သတင်းတွေကလည်း အမျိုးမျိုးထွက်နေတယ်၊ အားလုံးက စိုးရိမ်နေကြရတယ်” ဟု ဆက်ပြောသည်။

    အဆိုပါ ပစ်ကြခတ်ကြမည့်ကောလဟာလ သတင်းအမျိုးမျိုး Facebook Messenger လူမှုကွန်ယက်စာမျက်နှာများမှတဆင့် ပြန့်နှံ့လာသည့်အတွက် ဂျပန်ရေတွင်း၊ ကြံတောနှင့် တပ်ရင်း(၃) ရွာသားများ တစ်နေ့နှစ်ကြိမ်ခန့် ထွက်ပြေးခဲ့ရကြောင်း ရပ်မိရပ်ဖတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    “လွန်ခဲ့တဲ့ ၂-၃ ရက်တွေမှာ သတင်းအမျိုးမျိုးထွက်လာတယ်၊ ပစ်ကြခတ်ကြမလို အမျိုးမျိုးပြောနေကြတယ်၊ ဒါနဲ့ အိမ်စောင့်နေကြတဲ့ ရွာသားတွေကလည်း ပြေးဖို့ပဲပြင်ထားကြတာ၊ တစ်ယောက်ယောက် ပြေးတာနဲ့ ရွာသားအားလုံး တစ်ခါတည်း ရွာအပြင်လိုက်ပြေးကြ၊ နောက်ဘာမှမဖြစ်ဘူးဆိုတော့မှ အိမ်ပြန်လာပြီး အခြေအနေပြန်ကြည့်ကြ၊ ခလေးတွေ မိန်းမတွေက အခြားရွာတွေမှာ သွားပြီးစစ်ရှောင်နေကြတုန်းပဲ၊ အားလုံး အိမ်မပြန်ရဲသေးဘူး” ဟု အဆိုပါ ရပ်မိရပ်ဖက ဆိုသည်။

    ဂျပန်ရေတွင်းရွာအနီးတဝိုက်၌ နိုဝင်ဘာ ၂၆ ရက်နေ့ကတစ်ကြိမ်၊ ဒီဇင်ဘာ ၁ ရက်နေ့ ညသန်းခေါင်ယံတွင်တစ်ကြိမ် သေနတ်သံနှင့် လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ်ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များတွင် ဒဏ်ရာနှင့် ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း၊ ထို့ကြောင့် ရွာသားတစ်ထောင်နီးပါးခန့် ထိုင်းနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ထိုနောက် နှစ်ဖက်ညှိနှိုင်းမှုအရ စစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့က ဂျပန်ရေတွင်း မွန်တပ်စခန်းမှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ရွာသားများ အိမ်ပြန်လာကြသည့်အခါ နေအိမ်အချို့၌ လက်သည်မပေါ် ဖောက်ထွင်းခိုးယူခံရမှုတွင် ငွေကျပ်သိန်း ၅၀၀ ကျော်ဆုံးရှုံးခဲ့ရသည်ကို ရပ်မိရပ်ဖအဖွဲ့က စာရင်းပြုစုထားကြောင်း သိရသည်။

    မြေပုံ- မြန်မာစစ်တပ်နှင့် မွန်တပ်ဖွဲ့များ စခန်းချထားသည်ဟု ယူဆရသည့်နေရာ (Google)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks