Homeသတင်းJune ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ထုံးကျောက်ထုတ်လုပ်မှုတစ်ခုသာ EIA ဆောင်ရွက်ထား

June ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ထုံးကျောက်ထုတ်လုပ်မှုတစ်ခုသာ EIA ဆောင်ရွက်ထား

-

စသောင်းနွန်(ကျိုက်မရော-ဒီဇင်ဘာ ၄)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ မယ်ဂရိုကျေးရွာအနီးတည်ဆောက်မည့် June ဘိလပ်မြေ စက်ရုံစီမံကိန်းအတွက် ထုံးကျောက်ထုတ်လုပ်မှုတစ်ခုသာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလေ့လာ စမ်းစစ်ချက် EIA (Environmental Impact Assessment) ကို ဆောင်ရွက်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ္မ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “သတ္တုအကြီးစားဆိုရင် ထုံးကျောက်ထုတ်လုပ်မူအတွက် EIA လုပ်ရမယ်၊ ဘိလပ်စက်ရုံတည်ဆောက်ဖို့  ဆိုရင်လဲ EIA လုပ်ရအုံးမယ်၊ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ကျောက်မီးသွေးနဲ့ လည်ပတ်မယ်ဆိုရင် ၁ မီဂါဝပ် ပဲ ထုတ်ထုတ် သဘောက EIA လုပ်ရမယ်” ဟု ပြောသည်။

June Cement Industry Limited ကုမ္ပဏီအနေဖြင့် ထုံးကျောက်ထုတ်လုပ်မှုအတွက် ၎င်းတို့စီစဉ်ရေးဆွဲထားသည့် သဘာဝပတ်ဝန်ကျင်းထိခိုက်မှုလေ့လာစမ်းစစ်ချက် EIA အစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး အတည်ပြုချက်မရရှိသေးကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

ထို့အပြင် June ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် အသုံးပြုမည့် ထုံးကျောက် (ကျောက်မိုင်း) ထုတ်လုပ်ခွင့်လိုင်စင်ကို ၂၀၃၆ ခုနှစ်အထိရှိသည့်သက်တမ်းကို ပြည်နယ်အစိုးရမှ ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

“June ကုမ္ပဏီကျတော့ ပျားတောင်ရဲ့ မြောက်ဘက်ခြမ်းမှာ ထုံးကျောက်ထုတ်မယ်ပေါ့။ ဒါပေမယ့် အခုချိန်ထိ သူတို့ဘာမှမလုပ်ရသေးဘူး။ ကျန်တဲ့တစ်ပိုင်းကတော့ လက်ရှိ MCL ဘိလပ်မြေစက်ရုံက ထုတ်လုပ်နေတယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

လက်ရှိအချိန်တွင် June ကုမ္ပဏီအနေနဲ့ လုပ်ငန်းအကောင်အထည်မဖော်ရသော်လည်း ကျောက်မီးသွေး အသုံးပြုသွားမည်ကို ဒေသခံတွေက စိုးရိမ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ကျိုက်မရောမြို့နယ် မယ်ဂရိုကျေးရွာရှိ ရွာဦးကျောင်းဓမ္မာရုံတွင် June Cement Industry Limited ကုမ္ပဏီက ဒေသခံများနှင့် တွေ့ဆုံပြီး ၎င်းတို့တည်ဆောက်မည့် ဘိလပ်မြေစက်ရုံစီမံကိန်းပတ်သက်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလေ့လာစမ်းစစ်ချက် (EIA) ကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ မယ်ဂရိုကျေးရွာတစ်ဦးဖြစ်သူ နိုင်ရွှေဝင်းက “အခုလောလောဆယ်တော့ ကျောက်မိုင်းကိုဘယ်လိုဖောက်မလဲ၊ ဘိလပ်မြေစက်ရုံဆောက်ပြီး ဘာနဲ့ပြုလုပ်သွားမလဲ မေးတာလဲ သူတို့အဖြေမပေးဘူး”  ဟု ဆိုသည်။

June ဘိလပ်မြေကုမ္ပဏီအနေဖြင့် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ကို ၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၇၁ သန်း ရင်းနှီးမြုပ်နှံကာ တစ်နေ့လျင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်မည်ဟု ဆိုသည်။

Photo- June ဘိလပ်မြေစက်ရုံစီမံကိန်းနေရာ(Google)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts