spot_img
Monday, April 22, 2024
More
    spot_img
    Homeသတင်းရက် ၉၀ ရွှေ့ပြောင်းရောက်ရှိမဲပေးခွင့် ဘယ်လိုရိုက်ခတ်နိုင်သလဲ

    ရက် ၉၀ ရွှေ့ပြောင်းရောက်ရှိမဲပေးခွင့် ဘယ်လိုရိုက်ခတ်နိုင်သလဲ

    -

    ဗညားအောင်(နိုဝင်ဘာ ၁၆)

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယအကြိမ်ဗဟိုကော်မတီ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေး (စက်တင်ဘာ ၂၁-၂၂) မှာ တိုင်းရင်းသားရေးရာကော်မတီဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဟာဗျူဟာချမှတ်ခဲ့ပါတယ်။

    NLD ပါတီဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က “ဒေသခံတိုင်းရင်းသားပါတီတွေဟာ တကွဲတပြားပြိုင်မှာ မဟုတ်တော့ပါဘူး၊ သူတို့ဟာစုပေါင်းပြီး ဖွဲ့စည်းပြီးပြိုင်ကြမှာဖြစ်တဲ့အတွက် ဒါတွေကိုကျော်လွှားနိုင်ဖို့အတွက် ကျနော်တို့ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ Strategic Plan (မဟာဗျူဟာစီမံကိန်း) ရှိသင့်တယ်၊ အဲဒါကိုဆောင်ရွက်ဖို့ ကျနော်တို့က တိုင်းရင်းသားအစစ်တွေနဲ့ တိုင်းရင်းသားရေးရာကော်မတီကိုဖွဲ့မှာ” လို့ သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

    ၂၀၂၀ နဲ့ ၂၀၁၅ ရွေးကောက်အခြေအနေတွေ ကွာခြားသွားပြီဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်တွေက လက်ရှိ အခြေနေတွေကို စုဆောင်းပြီးမှ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ NLD ရဲ့ ရွေးကောက်ပွဲမဟာဗျူဟာကို ချမှတ်တာဆိုတဲ့အတွက် ဘာအခင်းအကျင်းတွေက ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေမိပါတယ်။

    တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်မှုကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ကြေညာလိုက်တာပါ။

    ပြင်ဆင်မယ့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၀ မှာ မြန်မာပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ၊ ရွှေ့ပြောင်းလုပ်သားတွေ ရက် ၉၀ (၃ လ) ကျော် နေထိုင်ယုံမျှနဲ့ မိမိရောက်ရှိရာ မဲဆန္ဒနယ်မြေမှာ မဲပေးနိုင်မှာဖြစ်တဲ့အတွက် ဆိုင်ရာပိုင်ရာကုမ္ပဏီတွေနဲ့ လုပ်ကွက်ဖော်လှည့်လည်ပြီး ပိုင်ရာဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာတွေမှာ မဲလိုက်ထည့်နိုင်မယ့် အခွင့်အလမ်းသစ်တစ်ခု ပေါ်လာနိုင်တယ်ဆိုကိုလည်း တွေးကြည့်မိပါတယ်။

    ရွှေ့ပြောင်းလုပ်သားတွေရဲ့ ယာယီနေထိုင်ကာလဖြစ်တဲ့ (၃)လကျော်မှာတင် ဆန္ဒမဲပြုခွင့်ပေးလိုက်တာဟာ တိုင်းရင်းသားဒေသခံတွေရဲ့ ကိုယ်စားပြုနိုင်မှုနဲ့ တိုင်းရင်းသားပါတီတွေရဲ့ ရေရှည်ခိုင်မာစွာရပ်တည်နိုင်မှုကိုပါ ထိုးနှက်လိုက်သလို မြင်တွေ့ခံစားမိတယ်လို့ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်မြေ (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

    “ကျနော်တို့မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေလည်းအများကြီးရှိတယ်၊ ဒါလည်းလူတိုင်းသိတယ် ဆိုတော့ ရောက်ရှိလာတဲ့ရွှေ့ပြောင်းတွေ ၃ လကျော်တာနဲ့ ဒီမှာမဲပေးမယ်ဆိုလို့ရှိရင် ဒီနယ်မြေခံ တိုင်းရင်းသားပြည်သူလူထု နယ်မြေခံဒေသခံတွေအတွက်ကတော့ တော်တော်လေးကို နစ်နာတယ်၊ သာမာန် ကိုယ့်ဒေသမှာနေနေတဲ့လူတွေ နှစ်ရှည်လများ ဒီမှာအတည်တကျနေထိုင်နေတဲ့ ကိုယ့်ရဲ့ ဒေသခံတွေအနေနဲ့က ဟိုမနေ့တစ်နေ့ကမှ ရောက်လာတဲ့ ၃ လကျော်ကျော်ပဲ  ရောက်လာတဲ့ဒီပုဂ္ဂိုလ်က ဒေသအကြောင်း ဘယ်လောက်မှာလည်း နားမလည်ဘဲနဲ့ သူလည်းမသိဘဲနဲ့ သူ့ကိုမဲပေးခွင့်ပေးလိုက်တာဟာ ဒါဘယ်လိုမှာ Fair မဖြစ်ဘူး တရားမျှတမှု မဖြစ်ဘူး” လို့ ဒေါက်တာအောင်နိုင်ဦးက ယူဆတယ်။

    ဒါကြောင့်မို့ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အားလုံးပါဝင်မှု(All Inclucive) သဘောထားကြီးမှု(Toleration) ဆိုတာတွေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ (Free @ Fair Election) ဖြစ်တည်ရေးအတွက် သက်ဆိုင်သူများအနေနဲ့ အလေးအနက်ထား ဆောင်ရွက်စေလိုတယ်လို့လည်း သူကဆက်ပြောပါတယ်။

    မိမိပြည်နယ်သားမဟုတ်သူများက မိမိတို့ပြည်နယ်လွှတ်တော်အမတ်ကို ဆန္ဒမဲလာရောက်ရွေးချ ယ်ခွင့်ပြုပေးတဲ့ဥပဒေက ဘယ်လိုတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်နိုင်မလဲဆိုတာ ပွဲမစခင်ကတည်းက အကဲခတ်နိုင်လောက်နိုင်ပါပြီ။

     “သဘာဝကျကျစဉ်းစားကြည့်ရင် သူတို့(ရွှေ့ပြောင်း) တွေဟာ ဒီမှာ Native (ဇာတိ) မဟုတ်ဘူး၊ ဒီဒေသရဲ့ဆိုင်ရာပုဂ္ဂိုလ်တွေ လွှတ်တော်ကိုယ်စားလှယ်နဲ့ပတ်သက်ရင် သူတို့ စိတ်ထဲမှာ ပြောမယ်ဆိုရင်တော့ သိပ်ပြီးတော့ Active (စိတ်ဝင်စားမှု) ဖြစ်မှာမဟုတ်ဘူး၊ ဒါကို ပါတီတစ်ခု အဖွဲ့အစည်းတစ်ခု ပုဂ္ဂိုလ်ရေးဆိုင်ရာ မဲရရှိရေးအတွက် ပွင့်ပွင့်လင်းလင်းပြောရင် မဲဝယ်လိုက်မယ်ဆိုရင်တော့ ဒီမဲတွေဝင်လာပြီးတော့ စောင်းသွားနိုင်တယ်” လို့ မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောပါတယ်။

    ၂၀၁၄ သန်းခေါင်စာရင်း ဖော်ပြချက်အရ မွန်ပြည်နယ်လူဦးရေစုစုပေါင်း ၂ သန်းကျော်(၂,ဝ၅၄,၃၉၃) မှာ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၃ သိန်း ၄ သောင်းကျော်(၃၄၂,၁၈၉ ဦး) ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ သူတို့အားလုံးကို အိမ်ထောင်စုစာရင်းတွေ နိုင်ငံသားစိစစ်ရေးကတ်ပြား အသီးသီးထုတ်ပေးလို့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲထည့်ခွင့်ရရှိခဲ့ပြီးလည်း ဖြစ်တယ်။

    ရလဒ်ကတော့ ၂၀၁၀ ရွေးကောက်ပွဲမှ မဲပေးခွင့်သူဦးရေ ၁၀ သိန်းကျော်သာသာရှိတဲ့ မွန်ပြည်နယ်လူဦးရေဟာ၂၀၁၅ ရွေးကောက်ပွဲကျတော့ မဲပေးခွင့်ရှိသူ ၁၅ သိန်းကျော်အထိရှိလာပြီး ၅ နှစ်ကာလအတွင်းမှာ မဲထည့်ခွင့်ဦးရေ ၅၀ ရာခိုင်နှုန်း အံ့မခန်းတိုးပွားလာတာက ဥပဒေအတိုင်းပဲ ဆောင်ရွက်ခဲ့တယ်လို့လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆိုခဲ့ပါတယ်။ 

    “ဒါကတော့ ကျွန်တော်တို့ မဲစာရင်းကို ဥပဒေပါ အတိုင်းဘဲ ကောက်ခံခဲ့တယ် ။အဲ့ဒီလို ကောက်ခံတဲ့ အပေါ်မှာ အခုလို မဲပေးခွင့်ရှိတဲ့ သူစာရင်းတွေ ထပ်တိုးလာတာဖြစ်တယ်။ ဘယ်သူတွေတိုးလည်း ဆိုရင် ရက်ပေါင်း ၁၈၀ အတွင်းနေထိုင်သူတွေဟာ ပုံစံ(၃-က)နဲ့ လျှောက်လာကြတဲ့အတွက် လူစာရင်းတွေ ထပ်တိုးလာတာဖြစ်ပါတယ်”လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ၂၀၁၅ ရွေးကောက်ပွဲကာလမှာ ပြောဆိုခဲ့တာပါ။

    စောင့်ကြည့်လေ့လာဆန်းစစ်ချက်အရ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းကနေ မွန်ပြည်နယ်ကို ဝင်ရောက်အခြေလာချတဲ့ ရွှေ့ပြောင်းလုပ်သားအရေအတွက် နှစ်စဉ် ၄ သောင်းခွဲခန့်ရှိနေပါတယ်။

    ရေးမြို့နယ်တစ်ခုတည်းမှာပဲ ရာဘာခြံ၊ ဥယျာဉ်ခြံ၊ အခြားကျပန်းလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သား ၂ သောင်းကျော်အခြေချခဲ့ပြီး အဘော်ကျေးရွာအုပ်စု အဘော်ကျားတန်းရွာမှာ ကျားဖောင်လုပ်သား အိမ်ခြေ ၇၅၀ ခန့် မိသားစုဝင်အားလုံး မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းရရှိထားတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(ရေးမြို့နယ်) ဦးမျိုးဝင်းက “ကျွန်တော်တို့ ရောက်ခဲ့တဲ့ နေရာအတော်များများမှာ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မဲပေးဖို့ ခက်ခဲနေတာ တွေ့ရတယ်။ သူတို့ မဲပေးခွင့်ရဖို့ ကော်မရှင်ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းက ပူးပေါင်းလုပ်ဆောင်ပေးမှပဲ ရမယ်”လို့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေးကာလမှာ မွန်သတင်းအေဂျင်စီကို ပြောခဲ့ပါတယ်။

    ပါတီစုံစနစ်မှာ “အင်အားကြီးပါတီတစ်ခုခုကသာ အမြဲတစေ အနိုင်ရရမယ်”ဆိုတဲ့အတွေးအခေါ်ထက် ပါတီတွေအားလုံး “ညီညွတ်မျှတစွာများနဲ့ အတူတကွပါဝင် ဆောင်ရွက်ခွင့်ရရှိဖို့” ဆိုတဲ့ အတွေးအခေါ်ကောင်းများနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ဆောင်ရွက်ချက်တွေဟာ တရားမျှတမှုနဲ့ အားလုံးလက်ခံနိုင်မှုကိုသာ အလေးအနက်ထား ဆောင်ရွက်ခြင်းကသာ ရေရှည်ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီအရေးကို ဟန်ချက်ညီစွာ လျှောက်လှမ်းနိုင်လိမ့်မယ်လို့ ဒေါက်တာအောင်နိုင်ဦးက မြင်ပါတယ်။

    ၎င်းက “ဖယ်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ ပါတီစုံအရေး ဆိုပြီးနှုတ်အားဖြင့် ကြားကောင်းအောင်တန်ဆာဆင်နေပေမယ့် လုပ်သမျှလုပ်ရပ်တွေဟာ အင်အားကြီးလူမျိုးစုနဲ့ အင်အားကြီးပါတီများအတွက်သာ ဦးတည်မှုကို ဖြစ်နေစေပါလျှင် စိတ်ဝမ်းကွဲမှု၊ မကျေနပ်မှုတွေနဲ့သာ အခက်အခဲတွေ တွေ့ကြုံနေရအုံးမှာ” လို့ ပြောပါတယ်။

    လက်ရှိသွားနေတဲ့ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး၊ ထာဝရငြိမ်းချမ်းမှု တည်ဆောက်ရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ခိုင်မာအားကောင်းရေး ဆိုတဲ့ဦးတည်ချက် လုပ်ငန်းစဉ်များမှာ Majority အင်အားကြီးလူများစုနဲ့ Minority အင်အားသေးလူနည်းစုများ အကြားမှာ ကောင်းမွန်တဲ့ယုံကြည်မှုတည်ဆောက်ရေးက အလွန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့ သူကယူဆပါတယ်။

    သို့သော် ဘယ်လိုပဲဆိုစေကာမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပြင်ဆင်တင်သွင်းလိုက်တဲ့ (၃)လကျော်ရွှေ့ပြောင်းနေထိုင်သူများ မဲပေးနိုင်ရေးဟာ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာအရ NLD ကြီးစိုးတဲ့လွှတ်တော်မှာ မဖြစ်မနေအတည်ပြုသွားမှာကိုတော့ ယုံမှားသံသယပွားစရာမလိုပါ။

    Photo- ကျားဖောင်ရွှေ့ပြောင်းလုပ်သားများ၏ အဘော်ကျားတန်းရွာ(Aung Naing Win)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts