spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် တည်ဆောက်မည့် Offshore Supply Base EIA ဆွေးနွေးပွဲကို ဒေသခံများ အသိမှတ်ပြုမည်မဟုတ်

    ရေးမြို့နယ်တွင် တည်ဆောက်မည့် Offshore Supply Base EIA ဆွေးနွေးပွဲကို ဒေသခံများ အသိမှတ်ပြုမည်မဟုတ်

    -

    အဂ္ဂနွန် (နိုဝင်ဘာ ၄)

    ရေးမြို့နယ် အံဒင်-ရွာသစ်ဓမင်းဆိပ်ကျေးရွာတွင် တည်ဆောက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်း Offshore Supply Base စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် EIA ဆွေးနွေးပွဲကို ဒေသခံများ အသိမှတ်ပြုမည်မဟုတ်ဟု ဒေသခံများထံမှ သိရသည်။

    Forever Thanlwin Company Ltd. က အကောင်အထည်ဖော် ဆောင်ရွက်မည့် Offshore Supply Base နှင့် ပက်သက်၍ Enviromental Impact Assessment (EIA) ဆောင်ရွက်ရန်အတွက် လာမည့် နိုဝင်ဘာ ၁၄ ရက်နေ့တွင် အများပြည်သူတို့ကို ချပြဆွေးနွေးသွားမည်ဟု သတင်းစာတွင် ကြော်ငြာခဲ့သည်။

    “EIA နဲ့ ပတ်သက်ပြီး ပြည်သူတွေကိုချပြဖို့ သူတို့ဆွေးနွေးသွားမယ်ဆိုတာ ကျွန်မတို့ ဒေသခံတွေမသိကြဘူး သတင်းစာမှာ ပါလာပြီးမှ သိရတယ်။ ဒီလိုလုပ်တာက ဒေသခံတွေကို ဂရုမစိုက်လို့ပဲ ကျွန်မတို့မြင်တယ်။” အံဒင်လူငယ်အဖွဲ့မှ မနီမာဦးက ပြောသည်။

    အဆိုပါ စီမံကိန်းကို လက်မခံကြောင်း၊ ကုမ္ပဏီဘက်က ပြုလုပ်မည် EIA ဆွေးနွေးပွဲကို အသိမှတ်မည်မဟုတ်သလို ဆွေးနွေးပွဲကိုလည်း တက်ရောက်မည်မဟုတ်ကြောင်း နိုဝင်ဘာ ၃ ရက်နေ့က ဒေသခံများက ဂူဂတာကျေးရွာ၌ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

    “ဒီစီမံကိန်းကို ကျွန်မတို့ ဒေသခံတွေ သဘောမတူဘူး။ အစကတည်းက ကျွန်မတို့ ကန့်ကွက်ခဲ့တယ်။” ယင်းအစည်းအဝေးတက်ရောက်ခဲ့သူ မနီမာဦးက ပြောသည်။

    ဖာလိန်ဒေသမှ ဆရာတော်၊ သံယာတော်များ၊ ကျေးရွာအုပ်ရေးမှူး၊ ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာလယ်/စီအဖွဲ့၊ ရပ်မိရပ်ဖများ၊ လူငယ်များ ဒေသခံများတို့ အံဒင်၊ ဂူဂတာ၊ ရွာသစ်ဓမင်းဆိပ်ကျေးရွာ စသည့် ကျေးရွာ ပေါင်း ၈ ရွာ အနေဖြင့် ပူးပေါင်းအစည်းအဝေးပွဲတစ်ရပ် ကျင်းပပြီး ယင်းဆုံးဖြတ်ချက်များရရှိခဲ့သည်ဟု မနီမာဦးက ဆက်ပြောသည်။

    အဆိုပါ EIA အစီရင်းခံစာ ဆောင်ရွက်ရန်အတွက် မွန်ပြည်နယ် အစိုးရထံ တင်ပြထားခြင်းမရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါ်တာမင်းကြည်ဝင်းက ပြောသည်။

    “သူတို့က EIA အစီရင်းခံစားရေးဆွဲတော့မယ်ဆိုတာ ကျွန်တော်ဆီ စာမရောက်ဘူး။ နှုတ်နဲ့လည်းပြောတာမရှိဘူး။ ဒီကိစ္စကျွန်တော်မသိဘူး” ဟု ၎င်းက ပြောသည်။

    Forever Thanlwin Company Ltd. အနေဖြင့် ကနေဦးရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၆၃ ဘီလီယမ်ဖြင့် အံဒင်ဓမင်းဆိပ်ကျေးရွာအနီးရှိ မြေဧက ၆၈ ဒဿမ ၁၁ ဧကပေါ်တွင် ကမ်းလွန်ထောက်ပံ့ရေးစခန်း တည်ဆောက်ကာ ကမ်းလွန်းထောက်ပံ့ရေးစခန်းအခြေစိုက် ဝန်ဆောင်မှုလုပ်ငန်းကို စွမ်းအင်ဝန်ကြီးဌာနခွင့်ပြုချက်ရရှိချိန်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း Forever Thanlwin Company Ltd. မှ သိရသည်။

    အလားတူပင် အံဒင်ကျေးရွာအနီး လျှပ်စစ်ဓာတ်အား ၁၂၀၀ မဂ္ဂါဝပ်ထုတ်မည့် ကျောက်မီးသွေးသုံးစက်ရုံစီမံကိန်းကို ပြည်ထောင်စုအစိုးရ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် တိုယိုထိုင်း ကုမ္ပဏီအား လုပ်ငန်းဆောင်ရွက်ခွင့် သဘောတူစာချုပ်(MoA)ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီးသော်လည်း ဒေသခံများကန့်ကွက်သဖြင့် ရပ်တန့်ထားသည်။

    Photo-Offshore Supply Base ပုံစံတစ်ခု(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks