Homeငြိမ်းချမ်းရေးNCA လေးနှစ်ပြည့်အခမ်းအနား RCSS မတက်ရောက်နိုင်ခြင်းအပေါ် KNU ခေါင်းဆောင် ဝမ်းနည်းကြောင်းပြော

NCA လေးနှစ်ပြည့်အခမ်းအနား RCSS မတက်ရောက်နိုင်ခြင်းအပေါ် KNU ခေါင်းဆောင် ဝမ်းနည်းကြောင်းပြော

-

မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၂၈)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ တက်ရောက်နိုင်ခြင်းမရှိသည့်အပေါ် လွန်စွာစိတ်မကောင်း ဖြစ်ရပါကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖို့က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဤအခမ်းအနားသို့ NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတို့မှ စုံစုံလင်လင်တက်ရောက်ကြမည်ဟု မျှော်လင့်ထားကြသော်လည်း အခြေအနေအကြောင်း အမျိုးမျိုးတို့ကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တက်ရောက်လာနိုင်ခြင်းမရှိသည့်အပေါ် လွန်စွာမှ စိတ်မကောင်းဖြစ်မိပါတယ်” ဟု KNU ဥက္ကဌက မိန့်ခွန်းအစပိုင်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသော NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး NCA-S EAO ကိုယ်စား ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုးတို့က မိန့်ခွန်းအသီးသီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အခမ်းအနားကိုတက်ရောက်လာသူအားလုံး ငြိမ်းချမ်းသာယာမှုရှိကြ၍ နိုင်ငံ့အကျိုး ပြည်ထောင်စုအကျိုးနဲ့ ငြိမ်းချမ်းရေးအကျိုးကို ဆထက်တပိုး စည်းလုံးညီညွတ်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုနှုတ်ခွန်းဆက်သလိုက်ပါတယ်၊ အကြောင်းအမျိုးမျိုးပြပြီး မတက်နို င်ခဲ့တဲ့အဖွဲ့များကလည်း ၎င်းတို့အကြောင်းနဲ့ ၎င်းတို့သာဖြစ်ပါလိမ့်မယ်” ဟု မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

နေပြည်တော် NCA လေးနှစ်ပြည့်အခမ်းအနားတက်ရောက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့သည် ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းမှ ဟိုမိန်း- လင်းခေး- တောင်ကြီးဘက်သို့ မော်တော်ယာဉ်ဖြင့်သွားမည့်ခရီးစဉ်ကို အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) မှ ခွင့်မပြုသဖြင့် အခမ်းအနား တက်ရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည့်အပြင် ဆက်လက်ကျင်းပမည့် အခမ်းအနားများကိုလည်း RCSS ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ တက်ရောက်မည် မဟုတ်ကြောင်း ထိုင်းမြန်မာနယ်စပ်တစ်နေရာ၌ ယမန်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

“ဒီ NCA လက်မှတ်ရေးထိုးခြင်းအထိမ်းအမှတ် လေးနှစ်ပြည့်အခမ်းအနားဟာ အရေးကြီးတယ်၊ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေ အားလုံးလည်း တက်ရောက်ရမယ့် ပွဲလည်းဖြစ်တယ်၊ အခုအတိုင်း ကျင်းပသွားမယ်ဆိုရင်လည်း ဒီပွဲဟာ သိပ်ပြီးတော့ အလေးအနက်တော့ မရှိတော့ဘူးပေါ့နော်၊ အခု ဒီလိုမျိုး ကိစ္စမျိုးဖြစ်သွားတဲ့နေရာမှာ ရှေ့ဆက်ပြီးတော့ နိုင်ငံရေးဆွေးနွေးဖို့ရာ ပိုမိုပြီးခက်လာလိမ့်မယ်လို့ မျော်လင့်ပြီးတော့မှ အချက်ပြတဲ့သဘောဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဆိုသည်။

ထို့ပြင် အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြိုတင်ညှိနှိုင်းထားပြီးဖြစ်သည့် ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၏ PPST အစည်းအဝေးနှင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါဝင်သော အစိုးရထိပ်တန်းခေါင်းဆောင်အကြီးအကဲများနှင့် NCA-S EAO ခေါင်းဆောင်များတက်ရောက်မည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM တို့ကိုလည်း ကျင်းပနိုင်မည်မဟုတ်ကြောင်း သိရသည်။

အဆိုပါ NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒုတိယသမ္မတများ၊  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်တန်းခေါင်းဆောင်များ၊ လွှတ်တော်အကြီးအကဲများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ဘက်တာဝန်ရှိသူများ၊ နိုင်ငံခြားသံတမန်များတက်ရောက်ခဲ့ကြပြီး NCA NCA-S EAO ခေါင်းဆောင်များဖြစ်ကြသော KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ မွန်ပြည်သစ်ပါတီ NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် PNLO နာယက ခွန်ဥက္ကာ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ချင်းအမျိုးသားတပ်ဦး CNF ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ဥက္ကဋ္ဌ စောမိုရှေး၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)(KNU/KNLA-PC) အတွင်းရေးမှူး ဒေါက်တာနော်ကပေါ်ထူး၊ စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ဦးသံခဲ၊ လားဟူ ဒီမိုကရက်တစ် အစည်း အရုံး LDU ဥက္ကဋ္ဌ ကြာခွန်ဆာ တို့ဦးဆောင်၍ ၎င်းအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့်အတူ စုစုပေါင်းတက်ရောက်သူ ၆၀၀ ဦးခန့်ရှိကြောင်း သိရသည်။

Photo- NCA လေးနှစ်ပြည့်အခမ်းအနား အမှတ်တရဓါတ်ပုံ (MSCO)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts