spot_img
Saturday, February 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအမုန်းစကားကြောင့် လူမျိုးရေးပဋိပက္ခဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် မွန်နှင့်ကရင် လူမှုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်

    အမုန်းစကားကြောင့် လူမျိုးရေးပဋိပက္ခဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် မွန်နှင့်ကရင် လူမှုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်

    -

    စန္ဒာဉာဏ် (မော်လမြိုင်၊ အောက်တိုဘာ ၂၇)

    လူမှုကွန်ရက်ပေါ်က အမုန်းစကားများကြောင့် မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU အကြား ဖြစ်ပွားလေ့ရှိသော ပဋိပက္ခများသည် လူမျိုးရေးပဋိပက္ခအသွင်ဆောင်လာမည်ကို စိုးရိမ်သောကြောင့် စစ်ရေးပဋိပက္ခများကို အမြန်ဆုံးဖြေရှင်းကြရန် မွန်နှင့်ကရင် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ အောက်တိုဘာ ၂၆ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

    အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရေးမြို့နယ်နှင့် ဘုရားသုံးဆူဒေသ၌ အပြန်အလှန်ပစ်ခတ်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ရာတွင် ရွာသားတစ်ဦးအပါအဝင် နှစ်ဖက်တပ်ဖွဲ့ဝင်တို့ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

    ယင်းပြဿနာအပေါ် Facebook လူမှုကွန်ရက်တွင် မွန်နှင့်ကရင်လူမျိုးများမှ အမုန်းစကားအခြေခံပြီး မြှောက်ပေးသည့်ပုံစံများ၊ တစ်ဦးကိုတစ်ဦးနာအောင် ရေးသားနေမှုများမှာ မဖြစ်သင့်ကြောင်း ကရင့်ရေးရာကော်မတီ၊ အတွင်းရေးမှူး စောကျော်စွာက ပြောသည်။

    “ကျွန်တော်တို့ အဓိကထုတ်ပြန်ရခြင်းအကြောင်းရင်းက လူမှုကွန်ရက်တွေမှာ ဘာတွေ့လဲဆိုတော့ အမုန်းစကားတွေ  မဖြစ်စေချင်လို့ ထုတ်တာလည်းပါတယ်။ ခုနက မပြေလည်တဲ့ပြဿနာအပေါ်မှာ အခြေမခံတော့ဘဲနဲ့ လူမျိုးရေးပဋိပက္ခထပ်ဖြစ်သွားမှာစိုးလို့ ကျွန်တော်တို့က ထုတ်တာပါ” ဟု ၎င်းကဆက်ပြောသည်။

    ၎င်းအပြင် မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန် ကြိုးစားနေသည့် နိုင်ငံရေးပန်းတိုင်ချင်းတူသောကြောင့် အသေးအမွှားကိစ္စများကိုချဲ့ကားခြင်းဖြင့် နိုင်ငံရေးပန်းတိုင် လမ်းလွဲသွားမည်ကို စိုးရိမ်ကြောင်း ၎င်းကဆိုသည်။

    ပဋိပက္ခကြောင့် ပြည်သူလူထု ပိုမိုထိခိုက်နစ်နာမည်ဖြစ်ပြီး နှစ်ဖက်တပ်များအနေဖြင့် ၎င်းတို့ချမှတ်ထားသော သဘောတူညီချက်များကို စောင့်ထိန်းလိုက်နာပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဆက်လက်တိုက်တွန်းသွားမည်ဟု မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်၊ လုပ်ငန်းကော်မတီဝင် မိကွန်ချမ်းနွန်က ပြောသည်။

    “တစ်ယောက်နှင့်တစ်ယောက် သတ်ကြတယ်ဆိုတာ ပြဿနာကို ဖြေရှင်းတဲ့နည်းတွေမဟုတ်ဘူး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှ ရေရှည်အတွက်ကောင်းတဲ့ ပြဿနာဖြေရှင်းနည်းဖြစ်မယ်လို့  ကျွန်မပြောချင်တယ်။ နှစ်ဦးနှစ်ဖက် ရေရှည်ဆက်ဆံရေးတိုးမြှင့်တဲ့အပိုင်းကို လုပ်သင့်တယ် အမုန်းစကားတွေကိုလည်း ရပ်သင့်တယ်လို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းကဆိုသည်။

    ယခုဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မွန်နှင့်ကရင်ကြား စည်းလုံးညီညွတ်မှုပျက်ပြားလာမည်ကို စိုးရိမ်သဖြင့် ပဋိပက္ခကို အမြန်အဆုံးသတ်ရန်၊ ပဋိပက္ခမှတစ်ဆင့် ပြည်သူများထိခိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ မြန်မာပြည်တောင်ပိုင်းတွင် မဖြစ်ပွားရန် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တာဝန်ယူတားဆီးရန်နှင့် ပြည်သူလူထု ဘဝလုံခြုံမှုကို ရှေးရှုပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာကြရန် ၂၀၁၉ အောက်တိုဘာ ၂၆ ရက်စွဲပါ သဘောထားထုတ်ပြန်ချက်တွင် မွန်နှင့်ကရင် လူမှုအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့တွင်လည်း KNU ဒူးပလာယာခရိုင်/ တပ်မဟာ (၆) ခေါင်းဆောင်များနှင့် မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင် ဒေသခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအပြီး ဘဝတူ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း ယုံကြည်မှုတည်ဆောက်ပြီး မွန်၊ ကရင် ပြည်သူအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွနေထိုင်သွားကြရန် သဘောတူညီချက်ထုတ်ပြန်ခဲ့ကြသည်။

    ထို့အတူ KNU နှင့် မွန်ပြည်သစ်ပါတီခေါင်းဆောင်တို့ အထက်ပါသဘောတူညီမှုများကို နှစ်ဖက်တာဝန်ရှိသူများပူးတွဲ၍ ပဋိပက္ခဖြစ်ပွားခဲ့ရာ ဒေသခံများအား ရှင်းလင်းပွဲများ သွားရောက်ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

    Photo- မွန်နှင် ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ထုတ်ပြန်ချက် (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks