spot_img
Saturday, February 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNCA လေးနှစ်ပြည့်အခမ်းအနား ရက်သတ်မှတ်ပြီးသော်လည်း JICM အစည်းအဝေးမသေချာ

    NCA လေးနှစ်ပြည့်အခမ်းအနား ရက်သတ်မှတ်ပြီးသော်လည်း JICM အစည်းအဝေးမသေချာ

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၂၅)

    တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လေးနှစ်ပြည့် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နေပြည်တော်၌ လာမည့်အောက်တိုဘာ ၂၈ ရက်တွင်ကျင်းပရန် သတ်မှတ်ပြီးဖြစ်သော်လည်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM မသေချာသေးကြောင်း သတင်းရရှိသည်။

    “တပ်မတော် နဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံပြီးမှသာ JICM အစည်းအဝေးကျင်းပဖို့ အပစ်ရပ်အဖွဲ့တွေကို မေတ္တာရပ်ခံထားတယ်၊ ကျွန်တော်တို့ KNU တွေ့ဆုံမှုရဲ့ တိုးတက်မှုရှိတဲ့အပေါ်မှာ ဆက်လက်ညှိနှိုင်းသွားလို့ရှိရင် ပိုမိုကောင်းမွန်တဲ့ ရလဒ်ပိုရမယ်လို့ မြင်ပါတယ်’’ ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

    NCA လေးနှစ်ပြည့်အခမ်းအနားကျင်းပပြီးသည်နှင့် နောက်ရက်များတွင် JICM အစည်းအဝေး ဆက်တိုက်ကျင်းပသွားရန် အစိုးရအဆိုပြုထားပြီး NCA လက်မှတ်ထိုးတိုင်းရင်းသား ၉ ဖွဲ့က အကြိုညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပလို၍ တပ်မတော်နှင့် KNU ညှိနှိုင်းပြီးမှသာကျင်းပရန် KNU က သဘောထားပေးခဲ့ခြင်း ဖြစ်သည်။

    အလားတူ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက “ဥပမာအားဖြင့် NCA အားနည်းချက်ကြောင့် တစ်ဆို့မှုဖြစ်နေတာတွေ၊ အကောင်အထည် မဖော်ဖြစ်တာတွေကို အကောင်အထည်ဖော်သွားဖို့၊ နောက်တစ်ချက် ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံနဲ့သွားမလဲ၊ ၄ နှစ်ပြည့် NCA အခမ်းအနားကျင်းပမယ်၊ ဒီအချက်တွေကို JICM အကြိုညှိနှိုင်းအစည်းအဝေးမှာ တင်ပြမယ်။ အကြိုအစည်းအဝေးမှာ အဲဒီအချက်တွေသဘောတူညီမှုရတာနဲ့ JICM လုပ်မယ်” ဟု မွန်သတင်းအေဂျင်စီနှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    သို့ရာတွင် အကြိုအစည်းအဝေး မကျင်းပဖြစ်သေးသဖြင့် JICM အစည်းအဝေး ကျင်းပဖြစ်မဖြစ်ကိုမူ လက်ရှိတွင် တိတိကျကျမပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။

    “တကယ်လို့ JICM အစည်းအဝေးကျင်းပဖြစ်မယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC ကျင်းပဖို့ကိစ္စပါလာမယ်၊ ပြီးတော့ NCA တစ်ဆို့မှုတွေကို အကောင်အထည်ဖော်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူတွေချမှတ်ထားဖို့၊  ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ အလွန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ရှိအစိုးရနဲ့ ကြိုတင်သဘောတူညီမှုယူထားမယ် ဒါတွေက ကျနော်တို့ဘက်က ချမှတ်ထားတဲ့ အခြေခံလုပ်ငန်းစဉ်တွေပါ ” ဟု နိုင်အောင်မငေးက ပြောခဲ့သည်။

    အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ယနေ့ အောက်တိုဘာ ၂၅ တွင် နေပြည်တော်၌ အကြိုအစည်းအဝေးကျင်းပမည်ဖြစ်သည့်အတွက် JICM အစည်းအဝေးကိစ္စကို မည်သို့ဆုံးဖြတ်ကြမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း အစိုးရကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ 

    အရေအတွက်တူ တစ်ဖက် ၁၀ ဦးစီပါဝင်သည့် နိုင်ငံတော်အစိုးရဖက်မှ (အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်မှ ကိုယ်စားလှယ်များ) နှင့် NCA-S EAO တစ်ဖွဲ့လျှင် ကိုယ်စားလှယ်တစ်ဦးစီပါဝင်သည့် JICM အစည်းအဝေးကို ၃ လတစ်ကြိမ်ကျင်းပရမည်သတ်မှတ်ထားသော်လည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ၇ ကြိမ်မြောက်သာ နောက်ဆုံးကျင်းပနိုင်ခဲ့ပြီးနောက် ယခုတိုင်ရပ်နားခဲ့သည်။

    Photo- ၇ ကြိမ်မြောက် JICM အစည်းအဝေး(Eleven Myanmar)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks