spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်သစ်တပ်စခန်းရှေ့တွင် KNU အလံလာရောက်စိုက်ထူသဖြင့် ပဋိပက္ခစတင်ခဲ့ဟုဆို

    မွန်ပြည်သစ်တပ်စခန်းရှေ့တွင် KNU အလံလာရောက်စိုက်ထူသဖြင့် ပဋိပက္ခစတင်ခဲ့ဟုဆို

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၁၈)

    ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်ရွာအစွန်ရှိ မွန်ပြည်သစ်တပ်စခန်းရုံးရှေ့၌ KNU အလံလာရောက်စိုက်ထူခဲ့ရာမှ နှစ်ဖက်အောက်ခြေတပ်ဖွဲ့အကြား ပဋိပက္ခများစတင်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ် ဥက္ကဌက ပြောသည်။ 

    ဘုရားသုံးဆူမြို့နယ် ဥက္ကဌ နိုင်အာကာက “အကျိုးအကြောင်း ဘာတစ်ခုမှ ရှင်းလင်းပြောဆိုတိုင်ပင်ဆွေးနွေးမှုမရှိဘဲနဲ့ KNU တပ်ဖွဲ့ဝင်တွေ အင်အားနဲ့လာပြီး ကျနော်တို့ တပ်ခွဲရုံးရှေ့မှာ အလံလာပြီးစိုက်ထူတာက မဖြစ်သင့်ဘူးထင်တယ်၊ အောက်ခြေမှာပြဿနာ အဲဒီက စခဲ့တာ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက KNU အလံစိုက်ထူခဲ့ပြီးနောက် သြဂုတ်လ ၉ ရက်နေ့တွင် ဒေသအခြေစိုက် မွန်ပြည်သစ်ပါတီ အမှတ် ၅ တပ်ရင်းနှင့် KNU တပ်ရင်း ၁၆ တပ်ရင်းမှူးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာ၌ နှစ်ဖက်တပ်များသွားလာလှုပ်ရှားသည့်အခါ ကြိုတင်ဆက်သွယ်သတင်းပေးကြရန်နှင့် ဗလဲ့ဒွန်ဖိုက်ရွာ(မွန်ရွာ) နှင့် ထီးဝါးဒို့(ကရင်ရွာ) ကျေးရွာနယ်နိမိတ်အား နှစ်ဖက်နယ်မြေခံတာဝန်ရှိသူများနှင့်အတူ နှစ်ဖက်ကျေးရွာလူကြီးများ သဘောတူသည့်နေရာ၌ သက်ဆိုင်ရာအလံများ စိုက်ထူသတ်မှတ်ရန် သဘောတူညီခဲ့သော်လည်း ဆက်လက်အကောင်အထည်ဖော်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

    KNU ဝင်းရေးမြို့နယ်ဥက္ကဌ ပဒိုစောမောင်ရွှေက “မွန်ပြည်သစ်ပါတီဘက်က ကရင်ရွာမှာ လွှင့်ထူထားတဲ့ ကရင်အလံကို ဖြုတ်ချပြီး သူတို့ဖက်ကတိတိပပ ဖြေရှင်းပေးတာမရှိတဲ့အတွက် ကျနော်တို့ အောက်ခြေ ရဲဘော်တွေကလည်း မခံနိုင်တော့ ပြဿနာ ဖြစ်သွားတယ်လို့ ထင်ပါတယ်။” ဟု ကရင်သတင်းစဉ် KIC သို့ ပြောကြားခဲ့သည်။

    ယင်းကဲ့သို့ ပြဿနာဖြစ်ပွားမှုကြောင့် ယမန်နေ့ နံနက်စောစောပိုင်း၌ မွန်ပြည်သစ်ပါတီ တပ်စခန်း ၂ နေရာကို KNU တပ်ဖွဲ့မှ တပြိုင်တည်းဝင်ရောက်ပစ်ခတ်ရာတွင် မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦး ကျဆုံးခဲ့သည်။

    အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ NMSP ဘုရားသုံးဆူဆက်ဆံရေးရုံး တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် ဘုရားသုံးဆူမြို့၌ KNU တပ်မဟာ ၆ ဥက္ကဌ ပဒိုစောရွှေမောင်း လာရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး နှစ်ဖက်ပြဿနာမကြီးထွားအောင် အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    လက်ရှိပဋိပက္ခဖြစ်ပွားခဲ့သည့် NMSP တပ်ခွဲရုံးသည် အစိုးရသတ်မှတ်ပေးထားသည့် မွန်ပြည်သစ်ပါတီတည်တပ်စခန်း ဗလဲ့ဒွန်ဖိုက်ရွာအစွန်တွင် တည်ရှိသောကြောင့် KNU ဝင်းရေးမြို့နယ် ဥက္ကဌယူဆသလို ကရင်ရွာမဟုတ်ကြောင်း နိုင်အာကာက ဆက်ပြောသည်။

    နဝတတပ်မတော်အစိုးရနှင့် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲခဲ့သော ၁၉၉၅ ခုနှစ်တွင်တစ်ကြိမ်၊ အစိုးရနှင့် ပြည်နယ်/ပြည်ထောင်စုအဆင့်အပစ်ရပ်စဲရေးသဘောတူညီချက် ၂၀၁၂ ခုနှစ်တွင်တစ်ကြိမ် ဗလဲ့ဒွန်ဖိုက်ရွာကို မွန်ပြည်သစ်ပါတီ၏ အမြဲတမ်း တပ်တည်စခန်းဧရိယာအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

    Photo- NMSP ဘုရားသုံးဆူဆက်ဆံရေးရုံးတာဝန်ရှိသူများအား ၁၈-၁၀-၂၀၁၉ နေ့တွင် KNU တပ်မဟာ ၆ ဥက္ကဌ တွေ့ဆုံစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks