Homeငြိမ်းချမ်းရေးမွန်ပြည်သစ်စခန်း ၂ ခုကို ကရင်လက်နက်ကိုင်အဖွဲ့လာရောက်ပစ်ခတ်

မွန်ပြည်သစ်စခန်း ၂ ခုကို ကရင်လက်နက်ကိုင်အဖွဲ့လာရောက်ပစ်ခတ်

-

မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၁၇)

မွန်ပြည်နယ် ရေးမြို့အရှေ့ဘက်ရှိ မွန်ပြည်သစ်မရမ်းချောင်းအခြေစိုက်စခန်းနှင့် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်အနီး  မွန်ပြည်သစ်ပါတီ တပ်ခွဲရုံးတစ်ခုတို့အား ယနေ့နံနက်စောစောပိုင်းက ကရင်လက်နက်ကိုင်အဖွဲ့များ လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

“ ဒီမနက်စောစော ၂ နေရာဝင်ပစ်သွားတယ်၊ ဗလဲ့ဒွန်ဖိုက်ရွာအစွန်ဘက်က ကျနော်တို့တပ်ခွဲရုံးကို မနက်စောစောမှာ ဝင်ပစ်သွားတယ်၊ မရမ်းချောင်းဘက်မှာတော့လည်း လာရောက်ပစ်ခတ်တယ်၊ နေရာ ၂ ခုလုံးမှာ KNU တပ်ဖွဲ့တွေလို့ သိရတယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်ပရေးရာဌာနတာဝန်ခံ နိုင်အေးမွန်က မွန်သတင်းအေဂျင်စီကို ပြောသည်။

ဗလဲ့ဒွန်ဖိုက်အစွန် ထီးဝါးဒို့ရွာအဝင် မွန်ပြည်သစ်ပါတီ တပ်ခွဲရုံးစိုက်ရာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားသဖြင့် နေအိမ်များမှ ရွာသားများထွက်ပြေးစဉ် ဖမ်းမိသူအချို့ ရိုက်နှက်ခံရကြောင်း၊ နေအိမ်နှင့် ဈေးဆိုင်ပစ္စည်းများလည်း လုယက်ခံရကြောင်း နိုင်အေးမွန်က ဆိုသည်။

 “ဒီနေ့မနက်စော ၄ နာရီခွဲကျော်ကျော်လောက်မှာ မရမ်းချောင်းက ကျနော်တို့စခန်းကို ဝင်ပစ်တယ် ၅ ယောက် ၇ ယောက်လောက်အင်အားရှိမယ်၊ နာရီဝက်လောက်ကြာလောက် အပြန်အလှန် ပစ်ခတ်ကြတယ်၊ နောက်ပြီး အရှေ့ဖက်ကို သူတို့ ထွက်ပြေးသွားတယ်၊ AK ဘောက်တစ်ခု ကျည်ဆံ ၂၅ တောင့် သိမ်းဆည်းရမိတယ်” ဟု ဂနီရွာအခြေစိုက် မွန်ပြည်သစ်ပါတီ အမှတ်(၇) တပ်ရင်းမှ ဒုခွဲမှူး ဗိုလ်အောင်စန်းမြင့်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မရမ်းချောင်းစခန်းပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ဗလဲ့ဒွန်ဖိုက်တပ်ခွဲရုံးမှ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည်ဟုယူဆရသည့် မွန်ပြည်သစ်ပါတီမှ ဒုခွဲမှူးအဆင့်ရှိ ဗိုလ်ကွန်ဗလိုင်၏ ရုပ်အလောင်းဓါတ်ပုံများကို မွန်သတင်းအေဂျင်စီက လက်ခံရရှိထားသည်။

ဖြစ်စဉ်မှာ ထီးဝါးဒို့ရွာအဝင် ကရင်အမျိုးသားအစည်းအရုံး KNU ဂိတ်အလံကို မွန်ပြည်သစ်မှလာရောက်ဖြုတ်ချသည့်အတွက် ယနေ့နံနက်ပိုင်း၌ နေရာ ၂ ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၆ တာဝန်ရှိသူ ပဒိုစောအယ်ဒါးက ပြောသည်။

“၁၅ ရက်နေ့တုန်းက သိပ်မလှမ်းမကမ်းလေးမှာပေါ့၊ အဲဒီမှာ ကျွန်တော်တို့အဖွဲ့က ဂိတ် ၄ မှာထားတဲ့ အလံတိုင်ကို လာဖြုတ်သွားတယ်လို့တော့ သိရတာပေါ့နော်၊ အလံကို ဖြုတ်ချပြီး နောက်တစ်ရက်မှာပဲ ဘယ်ကနေ ဘယ်လိုဖြစ်တယ်ဆိုတာ ကျွန်တော်လည်း သေချာမသိဘူး ဖြစ်သွားတယ်၊ မနက်မိုးမလင်းခင်ပေါ့” ဟု ပဒိုစောအယ်ဒါးက ဆိုသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတဝိုက်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP အောက်ခြေတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ခရိုင်အဆင့်နှစ်ဖက်ခေါင်းဆောင်များ မေလ ၃ ရက်က ဘုရားသုံးဆူမြို့အနီး တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက် ၃ ချက်ပါ သဘာတူညီမှုရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

(မှတ်ချက်- KNU ဘက်မှပြောကြားချက်ကိုရရှိသဖြင့် သတင်းကိုထပ်မံဖြည့်စွက်ဖော်ပြသည်။-အယ်ဒီတာ)

Photo- မွန်ပြည်သစ်တပ်ခွဲရုံး၌ ပစ်ပြီးမပေါက်ကွဲသေးသည့် RPG ဗုံးသီးတစ်လုံးကျန်ခဲ့ပုံ(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts