spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းဝန်ကြီးများ မေးခွန်းများဖြေဆိုရာ၌ လိုက်လျောညီထွေမှုရှိရန် လွှတ်တော်ဥက္ကဌမှ သတိပေး

    ဝန်ကြီးများ မေးခွန်းများဖြေဆိုရာ၌ လိုက်လျောညီထွေမှုရှိရန် လွှတ်တော်ဥက္ကဌမှ သတိပေး

    -

    စန္ဒာဉာဏ်( မွန်လွှတ်တော်၊ အောက်တိုဘာ ၉)

    ဝန်ကြီးများအနေဖြင့် လွှတ်တော်တွင် မေးခွန်းများဖြေဆိုရာ၌ လိုက်လျောညီထွေမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိစေချင်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ယနေ့ကျင်းပသော ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် သတိပေးခဲ့ရသည်။

    “ကျွန်မတို့ရဲ့ တာဝန်ရှိတဲ့ဝန်ကြီးတွေက မိမိတို့ရဲ့ခြေလက်တွေဟာ ရပ်ကွက်ကျေးရွာအထိရှိတယ် အဲတော့ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ကြည့်ပြီး မြေပြင်ပကတိ အနေအထားတွေကို ပေါင်းစပ်ပြီးဖြေကြရင် ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းအတိုင်း ပူးပေါင်းဆောင်ရွက်မှုပီပီပြင်ပြင်ဖြစ်မှာ ဖြစ်တယ်။ ဒီနေ့အခင်းအကျင်း၊  မနေ့ကလိုမျိုးမေးခွန်းတွေဖြေတဲ့နေရာမှာ လိုက်လျောညီထွေမရှိတာ တွေ့ရလို့ကျွန်မစိတ်မကောင်းပါဘူး” ဟု ၎င်းကဆက်ပြောသည်။

    ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေး၌ သဘာဝဘေးဒဏ်ကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသောမြို့အဖြစ် မော်လမြိုင်မြို့ကို ကုလသမဂ္ဂစာရင်းသွင်းခံရာတွင် သတ်မှတ်ထားသော စံ ၁၀ ချက်ကို လုပ်ဆောင်ထားမှုအခြေအနေနှင့်ပတ်သက်သောမေးခွန်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မေးခွန်းအား လူမှုရေးဝန်ကြီးခွင့်ယူထားသဖြင့် ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ကိုယ်စားဖြေကြားခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် ဝန်ကြီးမှာ မော်လမြိုင်မြို့ သဘာဝဘေးဒဏ်ခံနိုင်အောင် တိုင်းတာသည့် စံ ၁၀ ချက်ကို မဖြေဘဲ သဘာဝဘေးဖြစ်စဉ် ဆောင်ရွက်ခဲ့သည်များကိုသာဖြေကြားခဲ့ပြီး ဦးတည်မေးခွန်း၏ အဖြေမပါသဖြင့် ဒေါ်ခိုင်ခိုင်လဲ့မှ ထပ်ဆင့်ပြန်လည်မေးခဲ့ပြန်သည်။

    ထိုစဉ် ဆောက်လုပ်ရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က မော်လမြိုင်မြို့နယ် သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက် ၎င်းကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေကြောင်းပြောကာ လွှတ်တော်လုပ်ထုံးလုပ်နည်းအရ ဥက္ကဌ၏ ညွှန်ကြားချက်မပါဘဲ မေးခွန်းကို ထဖြေခဲ့ပြန်သည်။

    လွှတ်တော်ဥက္ကဌက “ကျွန်မတို့မေးခွန်းတွေပို့ပါတယ် ဝန်ကြီးချုပ်က စာပြန်ပါတယ် ဖြေနိုင်တဲ့သူကို ကျွန်မတို့တောင်းဆိုပါတယ် ဒါဟာ အစိုးရနဲ့လွှတ်တော်သည် ငြင်သာစွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါတယ် ဒီကနေ့ ဒေါ်ခိုင်ခိုင်လဲ့ရဲ့ မေးခွန်းကို ပေးပို့ထားတာကြာပါပြီ အစိုးရဘက်က အဆင်သင့်ဖြစ်လို့ ပြန်ကြားမယ် ဖြေကြားမယ်ဆိုတဲ့ရက်မှာ ကျွန်မက အစီအစဉ် ထည့်ပါတယ်” ဟု ပြောသည်။

    ထို့ကြောင့် လွှတ်တော်ကပေးပို့သည့် မေးခွန်းအားလုံးကို သက်ဆိုင်ရာ ဝန်ကြီးနှင့်အတူ အစိုးရတစ်ဖွဲ့လုံး ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ဖြေသင့်ကြောင်း၊ ယခုကဲ့သို့ မေးခွန်းမေးမြန်းခြင်းအားဖြင့် ပြည်သူမှ သိရှိခွင့်ရသည်ကို သိရှိနိုင်ပြီး အစိုးရပုံရိပ်တက်လာမည်ဟု ၎င်းက ဆိုသည်။

    အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့လွှတ်တော်အစည်းအဝေး မေးခွန်းဖြေကြားရာတွင်လည်း လွှတ်တော်အပေါ် မချေမငံဆက်ဆံခဲ့သော မွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ် ဝန်ကြီးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက အပြင်းအထန် သတိပေးခဲ့ကြောင်း သိရသည်။

    စက်တင်ဘာ ၁၉ ရက်နေ့က စတင်ကျင်းပခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းမည့် ကြယ်ပွင့်ပြမေးခွန်း ၄၉ ခုအနက် ၂၅ ခုကိုသာ ဖြေနိုင်မည်ဟု ပြည်နယ်အစိုးရအဖွဲ့က စာပို့ခဲ့သည့်အတွက် အစည်းအဝေးအစီအစဉ်များ ပြောင်းလဲခဲ့ရသလို တဖန်ကျန်ရှိသည့်မေးခွန်း ၂၄ ခုကို အစိုးရပြန်လည်ဖြေကြားမည်ဆိုသည့်အတွက် အောက်တိုဘာ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ အစည်းအဝေးကို ဆက်လက်ကျင်းပခြင်းဖြစ်သည်။

    Photo- မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks