Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမွန်လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးအသစ်နှင့် လွှတ်တော်ကိုယ်စားလှယ် အချေအတင်ဖြစ်

    မွန်လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးအသစ်နှင့် လွှတ်တော်ကိုယ်စားလှယ် အချေအတင်ဖြစ်

    -

    မင်းသူရိန်(မွန်လွှတ်တော်၊ အောက်တိုဘာ ၇)

    နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင်လည်းကောင်း၊ သန်းခေါင်စာရင်း ပြုလုပ်ရာတွင်လည်းကောင်း မိဘ၏ ဖြစ်တည်မှုအတိုင်း ထည့်သွင်းရေးသားထားခြင်းမရှိသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ယနေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် လဝကဝန်ကြီးအသစ်ကြား အချေအတင် ပြန်လည်ချေပနေသောကြောင့် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက တားဆီးခဲ့ရသည်။

    “ဒါက ဒီဘိတ် မဟုတ်ပါဘူး၊ လွှတ်တော်အစည်းအဝေးဖြစ်ပါတယ်၊ ဝန်ကြီးအနေနဲ့ ကျွန်မတို့ လွှတ်တော်ကို လေးစားစေချင်ပါတယ်၊ လွှတ်တော်ထဲမှာမေးတဲ့ မေးခွန်းက ပြည်သူ့တွေဆီက မေးခွန်းပါ၊ လေးလေးစားစားဖြေကြားမှသာ ပြည်သူ့ကို လေးစားတာဖြစ်ပါလိမ့်မယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

    ထို့ပြင် သက်ဆိုင်ရာဝန်ကြီးအနေဖြင့် မေးမြန်းသည့် မေးခွန်းကို တိတိကျကျဖြေကြားနိုင်ခြင်းမရှိသည့်အပြင် လွှတ်တော်ကိုယ်စားလှယ်ကို သွားရောက်စစ်ဆေးရန် ပြောကြားခြင်းသည် မဖြစ်သင့်ကြောင်း လွှတ်တော်ဥက္ကဌက မိန့်ဆိုသည်။

    မိဘနှစ်ပါးလုံး၏ မှတ်ပုံတင်တွင် ပါဝင်ခြင်းမရှိခဲ့သော လူမျိုးအမည်ကို သားသမီးများ၏ မှတ်ပုံတင်တွင် ထည်သွင်းထားခြင်းသည် မှားယွင်းမှုဖြစ်ပါက ပြန်လည်ပြင်ဆင်ပေးရန် လိုအပ်ကြောင်း တစ်ပြည်နယ်လုံးရှိ တိုင်းရင်းသားများအတွက် ရည်ရွယ်မေးမြန်းခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာဝန်ကြီးမှ လေးလေးနက်နက် ပြန်လည်ဖြေကြားပေးသင့်ကြောင်း သထုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    သို့ရာတွင် “ဌာနက မှားတာလား၊ သေချာသိချင်တယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် အဲလူတွေကို ခေါ်ပြီး လဝကမှာ သွားစစ်ကြည့်ပါ၊ သေချာသိချင်ရင် ကိုယ်တိုင်သွားစစ်ပါ”ဟု မကြာမီက မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းမြစ်ဝန်ကြီးအဖြစ် ခန့်ခြင်းခံရသော ဦးထွန်းမင်းအောင်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    ထိုသို့ ဖြေကြားခြင်းကို ဒေါ်ခိုင်ခိုင်လဲ့က  “ဝန်ကြီးကလည်း မနေ့တစ်နေ့ကမှ ဝန်ကြီးဖြစ်လာတာပါ၊ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ လေးနှစ်နေခဲ့တဲ့သူပါ၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကို မလေးစားချင်နေပါ၊ လွှတ်တော်ကို လေးစားပါ၊ လွှတ်တော်ကို လေးစားတာက ပြည်သူကို လေးစားခြင်းဖြစ်ပါတယ်၊ လေးလေးစားစား ပြန်လည်ဖြေကြားပေးပါ”ဟု ဆိုသည်။

    အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးမှ စာဖြင့် ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားပေးပါရန် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရသည်။

    ပြီးခဲ့သည့် မေလအတွင်းကျင်းပခဲ့သည့် မွန်လွှတ်တော်အစည်းအဝေး၌ အောင်သပြေ-နှစ်ကရင် မော်တော်ကားလမ်းတင်ဒါမခေါ်သည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံနှုတ်မိန့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း မွန်ဝန်ကြီးချုပ်မမှန်မကန်ပြောဆိုမှုကို နေပြည်တော်၌ ဝန်ခံပြီးသည့်နောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်အကြား ပွတ်တိုက်မှုများဖြစ်ပေါ်ခဲ့ပြီး လွှတ်တော်အပေါ် အစိုးရလွှမ်းမိုးနေသည်ဟုခံစားရကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဌက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

    Photo-ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks