spot_img
Thursday, January 8, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြန်လည်စတင်နိုင်ရန် NCA လက်မှတ်ထိုးခေါင်းဆောင်များ ချင်းမိုင်မြို့တွင် အစည်းအဝေးကျင်းပမည်

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြန်လည်စတင်နိုင်ရန် NCA လက်မှတ်ထိုးခေါင်းဆောင်များ ချင်းမိုင်မြို့တွင် အစည်းအဝေးကျင်းပမည်

    -

    မွန်သတင်းအေဂျင်စီ( အောက်တိုဘာ ၆)

    တစ်နှစ်နီးပါးခန့်အကြာ ရပ်တန့်နေသည့်မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အောက်တိုဘာ ၁၀ နေ့တွင် အစည်းအဝေးကျင်းပမည်ဖြစ်သည်။

    “အစိုးရကိုယ်စားလှယ်ဘက်က ပေးထားတဲ့ Proposal (အဆိုပြုချက်) တွေကို ကျနော်တို့ပြန်ညှိကြမယ်၊ နိုင်ငံခြားလေ့လာရေးသွားခဲ့ကြတဲ့ UPDJC အတွင်းရေးမှူးအဖွဲ့မှာ အစိုးရကိုယ်စားလှယ်တွေနဲ့အတူ ကျနော်တို့ခေါင်းဆောင်တွေလည်း ပြန်လာကြမှာဆိုတော့ အစိုးရသဘောထားကိုလည်း သူတို့ဆီက သိရပါလိမ့်မယ်၊ လာမယ့် အောက်တိုဘာ ၁၀၊ ၁၁ ၊ ၁၂ မှာ ၃ ရက်ကျင်းပဖို့စီစဉ်ထားတယ်” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက ပြောသည်။ 

    NCA ၄ နှစ်ပြည့်အခမ်းအနားကျင်းပမည့်နေ့ရက်၊ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံကျင်းပရန်နှင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးပြန်ခေါ်ရန် စသည့်အချက်များကို အစိုးရကိုယ်စားလှယ်ဘက်က NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  PPST သို့ အဆိုပြုထားခြင်းဖြစ်သည်။

    “Peace Process ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်သွားဖို့က တစ်ဆို့မှုတွေရှိလာဦးမလား၊ လမ်းကြောင်းဖြောင့်ဖြောင့်နဲ့ပဲ ဆက်သွားနိုင်မလား၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC ရှေ့ဆက်သွားမလားဆိုတာ ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် ခုအစည်းအဝေးက အရေးကြီးပါတယ်” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

    သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များ NCA လက်မှတ်ရေးထိုးခဲ့ကြသည့် ၄ နှစ်နီးပါးခန့်ကာလတွင် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် အဟန့်အတားများစွာကြုံတွေ့ခဲ့ရသဖြင့် မျှော်လင့်သလိုဖြစ်မလာကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏မျှော်မှန်းချက်မှာ NCA လက်မှတ်ရေးထိုးပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်နိုင်မည့်ရည်ရွယ်ချက်ဖြင့် တက်ကြွစွာပါဝင်လာခဲ့ခြင်း ဖြစ်ကြောင်း KNU Concern Group ခေါင်းဆောင် KNU ဒုဥက္ကဌဟောင်း နော်စီဖိုးရာစိန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေက ဘယ်လောက်ပဲလုပ်ဆောင်လုပ်ဆောင်၊ ဘယ်လောက်ပဲ NCA ထိုးထိုး၊ အစိုးရကလည်း ဘယ်လောက်ပဲလုပ်ဆောင်ချင်တဲ့စိတ် ရှိပေမယ့်လည်း တပ်မတော်သဘောထား ပြောင်းလဲမှုမရှိဘူးဆိုရင်တော့ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ဘူး” ဟု နော်စီဖိုးရာစိန်က ဆိုသည်။

    တပ်မတော်သည် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးဆိုင်ရာ မူ (၆)ချက်ကို အသေစွဲကိုင်နေသမျှ ကာလပတ်လုံး ပြည်တွင်း ငြိမ်းချမ်းရေးခရီးစဉ် ရှေ့ဆက်နိုင်ရေးအတွက် ကြန့်ကြာနေဦးမည်ကြောင်း၊ လက်ရှိ NCA လုပ်ငန်းစဉ်များ ဆက်သွားရန် ကြန့်ကြာနေမှုသည် တပ်မတော်၏ စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလားသည့် ဆန္ဒမရှိခြင်းကြောင့်ဖြစ်သလို တပ်မတော်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးထက် NCA ကို အကြောင်းပြုပြီး တိုင်းရင်းသားဒေသများကို ကြီးစိုးလွှမ်းမိုးနိုင်ရန်ကိုသာ ကြိုးပမ်းလုပ်ဆောင်နေကြောင်း သူမက ဆက်ပြောသည်။

    နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ နှင့် ၁၆ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးတို့ NCA ၃ နှစ်ပြည့် ထိပ်သီးအစည်းအဝေးကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ဆောင်ရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    သို့ရာတွင် အဆိုပါထိပ်သီးအစည်းအဝေးအပြီးတွင် ကရင်အမျိုးသားအစည်းအစည်းအရုံး KNU အနေဖြင့် ငြိမ်းချမ်းရေးတရားဝင်အစည်းအဝေးများတက်ရောက်ခြင်းကို ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘော ဆွေးနွေးခြင်းဖြင့် တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဖြေရှာသွားမည်ဖြစ်သလို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ပါဝင်မှုမှ ရပ်နားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ရာမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆို့လာသည်ကို တွေ့ရသည်။

    Photo- ယခင် ချင်းမိုင် PPST အစည်းအဝေးတစ်ခု(NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts