Wednesday, March 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ နော်အုန်းလှတို့ကို ထောင်ဒဏ် ၁၅ ရက်စီချမှတ်

    ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ နော်အုန်းလှတို့ကို ထောင်ဒဏ် ၁၅ ရက်စီချမှတ်

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၂)

    ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့ကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၅ ရက်စီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

    ကရင်လူငယ် စောအဲဘတ်ချို၊ စသိန်းဇော်မင်းနှင့် မိမိအနေဖြင့် ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းခဲ့ခြင်းမှာ အပစ်မရှိဟု ယူဆသည့်အတွက် အဆိုပါထောင်ဒဏ်စီရင်ချက်အမိန့်ကို လက်မခံနိုင်ဘဲ အထက်တရားရုံးသို့ ဆက်လက်၍အယူခံဝင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌ နော်အုန်းလှက သတင်းမီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။

    “ကျမတို့ကို ထောင်ဒဏ် ၁၅ ရက်ချမှတ်ပါတယ် လုံးဝတရားမျှတမှုမရှိပါ၊ ကျမတို့၏ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေး ကိုချိုးဖောက်ခံရတာပါဘဲ ကျမတို့ဥပဒေနဲ့အညီ ပြုလုပ်တဲ့ကိစ္စကို မတရားပြစ်ဒဏ်ချမှတ်ခြင်းလို့ ယူဆတဲ့အတွက် ကျမတို့ စီရင်ချက်အမိန့်အပေါ် ပြင်ဆင်မှုတက်ပါမယ်၊ ထောင်ချ တာ ၁၅ ရက်ဆိုတော့ ချုပ်ရက်က ၂၂ ရက် ဆိုတော့ ၇ ရက်တောင်ပိုပါတယ်ရှင်” ဟု နော်အုန်းလှက ဆိုသည်။

    တိုင်းရင်းသားအဖွဲ့အစည်းများ ၊လူငယ်ခေါင်းဆောင်များ ၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်အဖွဲ့ SYCB နှင့် ကရင်ပါတီခေါင်းဆောင်များတို့သည် မဟာဗန္ဓုလပန်းခြံမှ ကျောက်တံတားမြို့နယ် တရားရုံးဆီသို့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အမိန့်ချမှတ်အပြီးတွင် ဝန်းရံသူများနှင့်အတူ နော်အုန်းလှက သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

    နော်အုန်းလှက “ဥပဒေဆိုတာညှိနှိုင်းစရာမလိုဘူး၊ ဥပဒေနဲ့အညီလုပ် ဥပဒေအတိုင်းတင်ရမှာဖြစ်ပါတယ်၊ ဥပဒေအတိုင်းကျမတို့ လုပ်ဆောင်တဲ့ကိစ္စကို ထောင်ချလိုက်တယ်၊ တကယ်စိတ်မကောင်းပါဘူး၊ ထောင်ကျတာ ကျမတို့မှာပြဿနာမရှိပါဘူး၊ ဒါပေမယ့် ကျမတို့ကရင်အမျိုးသားအာဇာနည်နေ့ အစော်ကားခံရတယ်လို့ ကျမတို့ခံစားရတယ်၊ ဒီကိစ္စမှာ တာဝန်အရှိဆုံးက ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ်ပါပဲ” ဟု ပြောသည်။

    ထို့ပြင် ကရင်အာဇာနည်နေ့ကျင်းပသည်ကို လုံးဝခွင့်မပြုဟု ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ်ပြောဆိုခဲ့ကြောင်း၊ ဝန်ကြီးချုပ်က ကရင်အာဇာနည်နေ့ကို သတ်မှတ်စရာလုံးဝအကြောင်းမရှိပါကြောင်း၊ ယခုကိစ္စသည် ရန်ကုန်တိုင်းအစိုးရတွင် လုံးဝတာဝန်ရှိကြောင်း၊ မည်သည့်ကိစ္စမဆို အစိုးရတွင်တာဝန်ရှိသည်ဟု မိမိပြောလိုပါကြောင်း၊ ပြည်သူများနှင့် တိုင်းရင်းသားများလိုချင်သည့်အရာကို အစိုးရမသိရှိသ၍ ဤတိုင်းပြည်တွင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးတို့နှင့် ဝေးနေဦးမည်ဟု နော်အုန်းလှက ဆက်ပြောသည်။ 

    KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က “တကယ်လို့ ဒေါ်နော်အုန်းလှနဲ့ ကရင့်လူငယ်များကို အမိန့်ချမှတ်မယ်ဆိုရင်တော့ ကျနော်တို့ကရင်တစ်မျိုးသားလုံးရဲ့ ရင်ထဲမှာ အင်မတန်မကောင်းတဲ့ အဆိပ်ရှိတဲ့ဆူးညှောင့်တစ်စူး ဝင်အစူးခံရတာပဲလို့ ကျနော်တို့ သဘောထားပါတယ်၊ အစိုးရကို ပြောလိုတာက ကျနော်တို့ KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ကျနော်တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေးရှုပြီးတော့ အကောင်အထည်ဖော်နေတဲ့ လူမျိုးတစ်မျိုးတစ်မျိုး အဖွဲ့အစည်းတစ်ခုအနေနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မယ့် နစ်နာမယ့် တစ်ဦးကိုတစ်ဦး သံသယပွားစေမယ့်ဟာတွေကို မဆောင်ရွက်မိဖို့ ကျနော်တို့မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။

    သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမနှင့်မဟာဗန္ဓုလပန်းခြံအရှေ့တွင် ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်ကျင်းပသူ နော်အုန်းလှ၊ ကရင်လူငယ် ၂ ဦးတို့အား ကျောက်တံတားရဲစခန်းမှူးက ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

    Photo-သတင်းထောက်များကို နော်အုန်းလှရှင်းလင်းပြောကြားစဉ်(ကရင့်မီဒီယာ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks