spot_img
Sunday, February 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်အမျိုးသားနိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့်ဆက်စပ်သောကဏ္ဍများတွင် မွန်လူငယ်များဝန်းရံသွားမည်ဟု ကြေညာချက်ထုတ်ပြန်

    မွန်အမျိုးသားနိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့်ဆက်စပ်သောကဏ္ဍများတွင် မွန်လူငယ်များဝန်းရံသွားမည်ဟု ကြေညာချက်ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၁)

    မွန်အမျိုးသားနိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့်ဆက်စပ်သောအခန်းကဏ္ဍများတွင် ဝန်းရံသွားမည်ဖြစ်ကြောင်း အချက် ၅ ချက်ပါ ကြေညာချက်ကို အမျိုးသားအဆင့် မွန်လူငယ်များဆွေးနွေးပွဲ Mon National Youth Dialogue မှ စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။

    မွန်ပြည်သစ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီမှ လူငယ်များနှင့် မွန်လူငယ်များဆုံရပ် MYF တို့ပူးပေါင်းပြီး စက်တင်ဘာ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်၌ အမျိုးသားအဆင့် မွန်လူငယ်များဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

    “မွန်အမျိုးသားနိုင်ငံရေးမှာ လူငယ်တွေနဲ့သက်ဆိုင်တဲ့အခန်းကဏ္ဍတွေမှာ လူငယ်တွေပူးပေါင်းဝန်းရံသွားဖို့၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကျနော်တို့မွန်နိုင်ငံရေးပါတီက အမတ်နေရာများများရဖို့ ဝန်းရံသွားမယ်” ဟု မွန်လူငယ်များဆုံရပ် ပြောရေးဆိုခွင့်ရှိသူ နိုင်ဉာဏ်စိုက် ရာမာဉ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့ပြင် လက်ရှိရေးဆွဲထားသည့် မွန်လူငယ်များမူဝါဒ(မူကြမ်း) ကို အတည်ပြုခြင်း၊ မွန်လူငယ်များဆုံရပ်   အမျိုးသားအဆင့်ကိုယ်စားပြုစေရေးအတွက် မွန်လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန် ကော်မတီများထပ်မံဖွဲ့စည်းခြင်းနှင့် ဒုတိယအကြိမ် မွန်လူငယ်များညီလာခံ ဆက်လက်ကျင်းပနိုင်ရေးအတွက် လိုအပ်သောပြင်ဆင်မှုများကို ဆောင်ရွက်ထားရှိခြင်းများ ပါဝင်သည်ဟု ၎င်းက ဆိုသည်။

    “ဒီ ၂ ရက်တာဆွေးနွေးပွဲမှ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူငယ်တော်တော်များများ ဆွေးနွေးကြတယ်၊ လက်ရှိအစိုးရအကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အချိန်ဆွဲထားသလိုဖြစ်နေပြီး ထိရောက်မှုနည်းပါးတယ်လို့ သုံးသပ်ကြတယ်”ဟု ဂီတအစည်းအရုံး(မွန်) မှ နိုင်ဇာတိနိုင်က ပြောသည်။

    ထို့အတူ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များနှင့်ဆက်စပ်သည့်ကဏ္ဍများတွင် ပါဝင်ဝန်းရံခွင့်ပြုရန်  မွန်ပြည်သစ်ပါတီကို တောင်းဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါဆွေးနွေးပွဲတွင် မွန်ရဟန်းသံဃာတော်များ၊ မွန်ပြည်သစ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်လူငယ်အဖွဲ့အစည်းများ၊ ပြည်နယ်/တိုင်းဒေသကြီးတို့မှ မွန်လူငယ်များ ၁၉၀ ဦးခန့်တက်ရောက်ဆွေးနွေးခဲ့ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်အရ သိရသည်။

    Photo- မွန်လူငယ်များဆွေးနွေးပွဲ Mon National Youth Dialogue (မိသုမန်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks