spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်တွင် လယ်ပြန်စိုက်ရန် မျိုးစပါးများလိုအပ်နေ

    ကျိုက်မရောမြို့နယ်တွင် လယ်ပြန်စိုက်ရန် မျိုးစပါးများလိုအပ်နေ

    -

    မင်းသူရိန် (မော်လမြိုင်၊ စက်တင်ဘာ ၄)

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရေကြီးနစ်မြှုပ်မှုကြောင့် လယ်ယာများ ပျက်စီးဆုံးရှုံးခဲ့ပြီး ပြန်လည်စိုက်ပျိုးရန်အတွက် မျိုးစပါးများ လိုအပ်နေကြောင်း ဒေသခံလယ်သမားများက ပြောသည်။

    “စိုက်ထားတဲ့လယ်တွေကတော့ အကုန်ပျက်ကုန်ပြီ၊ အမြင့်ပိုင်းလယ်တွေပါ ပျက်တယ်ဆိုတော့ အနိမ်ပိုင်းဆို မပြောနဲ့တော့၊ ဒါတောင် ရေကထပ်တက်ဖို့ရှိနေတယ်၊ ရေကျရင် ပြန်စိုက်မယ်၊ ပြန်စိုက်ဖို့အတွက် မျိုးစပါးသန့်သန့်လေးတွေ အဓိကလိုနေတယ်”ဟု လယ်စိုက်တောင်သူ ကိုအုန်းမြင့်က ပြောသည်။

    ပြီးခဲ့သည့်လကတည်းက ရေကြီးနစ်မြှုပ်ခဲ့ရာမှ စိုက်ပျိုးထားသော စပါးပင်များ ပျက်စီးခဲ့ကြောင်း၊ ရေများ ပြန်လည်ကျဆင်းသွားပါက အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါး အဓိကလိုအပ်နေကြောင်း ၎င်းက ဆိုသည်။

    အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများကို မျိုးစပါးသာမက ထွန်ယက်စိုက်ပျိုးရန် စက်ပစ္စည်း (သို့မဟုတ် ) ချေးငွေများထုတ်ပေးနိုင်ပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း လယ်စိုက်တောင်သူ ဒေါ်ထားကြည်က ပြောသည်။

    “လယ်စိုက်ဖို့ အပြင်မှာ ချေးငွေယူထားတယ်၊ အခုလယ်တွေ ရေမြှုပ်ပျက်စီးကုန်တော့ စပါးမရတော့ဘူးပေါ့၊ ချေးငွေတွေကိုလည်း ပြန်ပေးရမှာလေ အဲဒါကြောင့် နွားရောင်းပြီးဆပ်လိုက်တယ်၊ ရေပြန်ကျလို့ မျိုးစပါးရရင်တောင် နွားမရှိတော့ ထွန်ဖို့ခက်ပြီလေ”ဟု ဒေါ်ထားကြည်က ဆိုသည်။

    ကျိုက်မရောမြို့နယ်သည် နှစ်စဉ်ရေကြီးမှုဖြစ်ပေါ်လေ့ရှိသော်လည်း ယခုနှစ်သည် ရေကြီးမှု အမြင့်ဆုံးနှင့် ရေတင်ကျန်မှု အကြာဆုံးဖြစ်ကြောင်း ဒေသခံတောင်သူများက ဆိုသည်။

    ရေနစ်မြှုပ်မှုကြောင့် ပျက်စီးခဲ့သော လယ်ယာမြေစာရင်း အတိအကျရရှိပြီးပါက မျိုးစပါးများကို ယခုလအတွင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်မှူး ဦးအောင်ဇော်မိုးက ပြောသည်။

    “ကျိုက်မရောမှာ ရေကြီးနစ်မြုပ်တဲ့ လယ်ယာမြေစာရင်း အတိအကျမရသေးဘူး၊ ရခဲ့ရင်လည်း ပြန်စိုက်မှာလား၊ မစိုက်ဘူးလား၊ စာရင်းအတိအကျရမှ မျိုးစပါးပေးဖို့ တွက်ချက်ရမှာပေါ့၊ စပါးပြန်မစိုက်တဲ့သူတွေကို အခြားသီးနှံမျိုးစေ့တွေ ထောက်ပံ့ပေးရမှာပေါ့၊ ကျွန်တော်တို့ ဒီလအတွင်းထောက်ပံ့ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

    မိမိတို့စိုက်ပျိုးရေးဌာနအနေဖြင့် မျိုးစပါးထောက်ပံ့မှုကိုသာ တာဝန်ယူထားပြီး ထွန်ယက်စိုက်ပျိုးရန် စက်ပစ္စည်းထောက်ပံ့မှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် စက်မှုကြီးကြပ်ဦးစီးဌာနတို့ဆွေးနွေး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ယခုနှစ် မွန်ပြည်နယ်မိုးစပါးစိုက်ဧက ၆ သိန်း ၉ သောင်းကျော်လျာထားသည့်အနက် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့အထိ စိုက်ပြီးဧက ၅ သိန်း ၇ သောင်းကျော်တွင် ရေကြီးနစ်မြုပ်မှု ၈ သောင်း ၇ ထောင်ဧကကျော်ရှိခဲ့ပြီး ဧက ၅ သောင်းကျော်သာပြန်ပေါ်ခဲ့ကြောင်း၊ ကျိုက်မရောမြို့နယ်တွင် လက်ရှိစာရင်းအရ စပါးစိုက်လယ်ဧက ၂ သောင်းကျော် ရေကြီးနစ်မြုပ်နေဆဲဖြစ်ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

    Photo- ရေလွှမ်းနေသောလယ်မြေများ (Myanmar Harp Media)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks