spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလေဘေး ပြန်လည်ထူထောင်ရေးကို ပြည်သူလူထုနှင့် အစိုးရပူးပေါင်း ဆောင်ရွက်မည်ဟုပြော

    လေဘေး ပြန်လည်ထူထောင်ရေးကို ပြည်သူလူထုနှင့် အစိုးရပူးပေါင်း ဆောင်ရွက်မည်ဟုပြော

    -

    မင်းသူရိန် (မော်လမြိုင်၊ စက်တင်ဘာ ၄)

    မွန်ပြည်နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြည်သူလူထုနှင့် အစိုးရပူးပေါင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်း အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

    မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ စိန်ခရင်းဘုန်းကြီးကျောင်းတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက ပြုလုပ်သော လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံရှုံးခဲ့သော နေအိမ်များအား ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားအပြီးတွင် သတင်းမီဒီယာများကို ပြောကြားခြင်း ဖြစ်သည်။

    “ပြန်လည်ထူထောင်ရေးကတော့ လူထူနဲ့အတူ ကျွန်တော်တို့ အစိုးရအဖွဲ့ပူးပေါင်းပြီး လုက်ဆောင်သွားမှာပါ၊ အခုဆို ညမှာဖြစ်တယ် မနက်မှာ ကျွန်တော်တို့ ပျက်စီးမှုစာရင်းကောက်တယ်၊ သုံးရက် လေးရက်အတွင်း နဂိုအခြေအနေရောက်အောင် ပြန်လုပ်ပေးပါ့မယ်”ဟု ဒေါက်တာအေးဇံက ဆိုသည်။

    လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများကိုလည်း အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရန် သက်ဆိုင်ရာ ကုမ္ပဏီများကို ညွှန်ကြားထားကြောင်း၊ မော်လမြိုင်မြို့ပေါ်ရှိ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်သော ရွှေမြိုင်သီရီရပ်ကွက် ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်းပေါင်း ၂၂၆ သိန်း ပေးအပ်ခဲ့ပြီး ကျန်သည့်ရပ်ကွက်များနှင့် မြို့နယ်များအတွက် ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ပေါ် အိမ်ခြေ ၅၇၀ ကျော်၊ ရေးမြို့နယ်တွင် အိမ်ပေါင်း ၃၀ ကျော်၊ ပေါင်မြို့နယ်တွင် အိမ်ခြေ ၁၁ လုံးထိခိုက်ပျက်စီးခဲ့ပြီး မော်လမြိုင်မြို့နယ်တွင် စာသင်ကျောင်း ၇ ကျောင်းခန့် ပျက်စီးခဲ့ကြောင်း ပြည်နယ်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။

    “ထောက်ပံ့မှုကတော့ ကျွန်တော်တို့ လူကယ်ပြန်က သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းပဲ၊ တိုက်အိမ်ရယ်၊ သွပ်မိုး ပျဉ်ကာအလုံးလိုက်ပြိုကျရင် နှစ်သိန်းထောက်ပံ့ပါတယ်၊ ဓနိမိုး ဖက်ကာပေါ့ အိမ်အလုံးလိုက်ပြိုကျရင် တစ်သိန်းထောက်ပံ့ပါတယ်”ဟု မွန်ပြည်နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ပြောသည်။

    နေအိမ်တစ်စိတ်တစ်ပိုင်း ပြိုကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပါက ငွေကျပ် တစ်သိန်းမှ ငါးသောင်းထိ ထောက်ပံ့ပေးကြောင်း ၎င်းက ဆိုသည်။

    ယခုနှစ်မိုးရာသီကာလအတွင်း မွန်ပြည်နယ်တဝန်း မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ လမ်းတံတားများပြတ်တောက်ခြင်း၊ မြေပြိုသဖြင့်လူအသေအပျောက်များစွာဖြစ်ပေါ်ခဲ့ခြင်း၊ လက်ရှိတွင်လည်း စပါးခင်းများစွာ ရေလွှမ်းမိုးလျက်ရှိရာ သဘာဝဘေးအန္တရာယ်အဆိုးဝါးဆုံး ခံစားနေရဆဲဖြစ်ကြောင်း တွေ့ရသည်။

    Photo- လေဘေးဒဏ်ခံရသည့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်သို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ရောက်ရှိစဉ်
    (Mon State Government Office)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks