Homeငြိမ်းချမ်းရေး၂၀၂၀ အလွန် နောင်တက်လာမည့်အစိုးရများနှင့် ငြိမ်းချမ်းရေးဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းမည်ဟု KNU ပြော

၂၀၂၀ အလွန် နောင်တက်လာမည့်အစိုးရများနှင့် ငြိမ်းချမ်းရေးဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းမည်ဟု KNU ပြော

-

မွန်သတင်းအေဂျင်စီ(သြဂုတ် ၂၃)

၂၀၂၀ မတိုင်မီ အပစ်ရပ်စဲမှုခိုင်မာမှုရှိစေရန်သဘောတူညီမှုရယူပြီး ၂၀၂၀ အလွန် နောင်တက်လာမည့်အစိုးရများနှင့် ငြိမ်းချမ်းရေးဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက တွေ့ဆုံမေးမြန်းချက်တစ််ရပ်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကြိုးစားနေတာက ၂၀၂၀ မတိုင်မှီ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုရှိဘို့အတွက် လိုအပ်တဲ့ဆွေနွေးမှုတွေ၊ လုပ်ငန်းစဉ်တွေဖြစ်ပေါ်လာဖို့အတွက် သဘောတူညီမှုရရှိဖို့နဲ့ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်သွားဖို့ဖြစ်တယ်။ အဲဒီ ဆက်သွားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဖက်ဒရယ်တည်ဆောက်ရေးအဆင့် (၃) ဆင့်ကိုအခြေခံပြီး နောက်တက်လာမယ့် အစိုးရတွေကာလမှာ ဆက်လက်ဆွေးနွေး အကောင်အထည်ဖော်နိုင်ဖို့အတွက် တရားဝင်မှုရှိတဲ့ ဆွေးနွေးရေး လုပ်ငန်းစဉ်တွေ ရရှိဖို့ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ဆိုသည်။

KNU နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဗဟိုဌာန NRPC နှစ်ဖက်ကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သြဂုတ်လ (၂၀) ရက်နေ့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့အပြီး အမေးအဖြေပုံစံဖြင့် ပဒိုစောတာဒိုမူး ရှင်းလင်းဖြေကြားခဲ့သည်ကို KNU ဗဟိုဌာနချုပ် Facebook သတင်းစာမျက်နှာတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဆိုပြုလွှာရဲ့အဆင့် (၄) ဆင့်မှာဆိုရင် ပထမအဆင့်က အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် ပြုလုပ်ခြင်းဆိုင်ရာမှာ နှစ်ဖက်တွေ့ဆုံပြီး လုပ်ငန်းစဉ်ရေးဆွဲခြင်း၊ အချိန်ဇယားချမှတ်ခြင်း စတာတို့ ဖြစ်ပါတယ်။ ဥပမာ – NCA အခန်း (၃) ဆိုရင် လက်မှတ်ရေးထိုးပြီး (၁၄) ရက်အတွင်း နှစ်ဖက်တာဝန်ရှိ ခေါင်းဆောင်တွေ တွေ့ရမယ်လို့ သဘောတူထားကြပေမယ့် အခုဆို NCA က လက်မှတ်ရေးထိုးထားတာ (၄) နှစ်ပြည့်တော့မယ်။ ခုထိ အဲ့ဒီအစည်းအဝေး မကျင်းပနိုင်သေးပါဘူး” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

အလားတူ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ၄ နှစ်တင်းတင်းပြည့်တော့မည် ဖြစ်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်လျှင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းစမှာ ဝေဝါးနေဆဲ ဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု ခိုင်ခိုင်မာမာတည်ဆောက်နိုင်လောက်သည့် အခြေခံမူများကို ပြည်ထောင်စု သဘောတူစာချုပ်မှာ ချုပ်ဆိုနိုင်ရန် မိမိတို့အားသွန်ခွန်စိုက် တစိုက်မတ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့တွင် စတင်ကျင်းပသည့် ၄ ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအဖွင့်မိန့်ခွန်း၌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။

“တဖက်မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့ ရပ်တန့်နေတာ တနှစ်ကျော်ပြီ ဖြစ်လို့ ပြည်သူလူထု အကျိုး၊ ပြည်ထောင်စုအကျိုး ရည်မှန်းဦးတည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေး နှစ်ဖက် စလုံးက အမြန်ဆုံး ဆွေးနွေးညှိနှိုင်း နည်းလမ်းရှာဖို့ အရေးတကြီး လိုအပ်ပါတယ်။ မျှမျှတတနဲ့ အလျှော့အတင်း လုပ်ပြီး ဆုံမှတ်ရအောင် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

အစိုးရဘက်က အဆိုပြုတင်ပြလာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တိုးရေး နည်းလမ်း (၄) ရပ်နှင့်ပတ်သက်၍ မိမိတို့ ဘုံသဘောထားချမှတ်ရန်လိုအပ်ပြီး မိမိတို့ဖက်က ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားရေးအခင်းအကျင်းနှင့် သဟဇာတဖြစ်မဖြစ် သုံးသပ်ရန်လိုအပ်ကြောင်း၊ ၂၀၂၀ မတိုင်မီ နှင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် ပတ်သက်၍ မိမိတို့ကြားတွင် တိတိကျကျ မူချမှတ်ထားရမည်ဟုလည်း ၄င်းက ဆိုသည်။

အစိုးရ အဆိုပြုချက် ၄ ချက်တွင် (၁) NCA အကောင်အထည်ဖော်မှုအပိုင်း (၂) ငြိမ်းချမ်းရေးအတွက် ၂၀၂၀ မတိုင်ခင်နှင့် ၂၀၂၀ အလွန်ဆောင်ရွက်ကြမည့်အပိုင်း (၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများ (၄) ကြားကာလအစီအစဉ်များ ပါရှိသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်များအား ရှင်းလင်းပြောကြားခဲ့သည်။


Photo- KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး(KNU HQ)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts