spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ပျက်စီးသွားသော လယ်မြေများအတွက် မျိုးစပါးများ အမြန်ဆုံးထောက်ပံ့ပေးမည်

    မွန်ပြည်နယ်တွင် ပျက်စီးသွားသော လယ်မြေများအတွက် မျိုးစပါးများ အမြန်ဆုံးထောက်ပံ့ပေးမည်

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ သြဂုတ် ၁၆)

    မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော လယ်မြေများအတွက် မျိုးစပါးများ အမြန်ဆုံးထောက်ပံ့ပေးသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ကပြောသည်။

    ရေကြီးမှုကြောင့် စပါးဧက ၈၇,ဝဝဝ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဧက ၅၀,၀၀၀ ကျော်ပြန်ပေါ်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

    “ပျက်စီးတဲ့အဆင့်ကို မရောက်သေးဘူး လောလောဆယ်တော့ ဒီဧကတွေက ရေမြုပ်နေတယ်။ အကယ်၍ ပျက်စီးဆုံးရှုံးသွားတဲ့အဆင့်ကို ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့ အစိုးရအဖွဲ့ကိုရော ပြည်ထောင်စုကိုရော တင်ပြပြီးတော့ မနှစ်ကလိုပဲ မျိုးစပါးတွေကို အတတ်နိုင်ဆုံး အမြန်ဆုံးထောက်ပံ့ပေးဖို့ စီမံဆောင်ရွက်မှာဖြစ်ပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

    လက်ရှိတွင် တချို့နေရာများတွင် ရေမြုပ်နေဆဲဖြစ်သည့်အတွက် တစ်ပြည်နယ်လုံး၏ လယ်ဧကပျက်စီးမှုကို အတိအကျမသိသေးကြောင်း၊ သံဖြူဇရပ်မြို့နယ်တွင် ၆၈ ဧကလယ်မြေပျက်စီးမှုရှိသော်လည်း ကျိုက်မရောမြို့နယ်ရှိ ဧက ၂၀၀၀၀ ကျော်မှာ ရေနစ်မြုပ်နေဆဲဖြစ်သည့်အတွက် အပျက်အစီးစာရင်းကို အတည်မပြုနိုင်သေးဟု ဆိုသည်။

    ယခုနှစ် ရေဘေးဒဏ်ကြောင့် လယ်ယာမြေများသာမက ကမ်းပါးပြိုသည့်ဒဏ်ကြောင့် ဥယျာဉ်ခြံများပါ ပျက်စီးခဲ့ကြောင်း ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသော ရေးမြို့နယ် ကိုးမိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

    “အပေါ်ဘက်မှာတစ်ခြံ အောက်မှာတစ်ခြံဆိုတော့ ရေဒီလောက်ရောက်တဲ့နေရာတွေကတော့ ကမ်းပြိုကုန်ပြီ ဘာမှလုပ်လို့မရတော့ဘူး ပြိုကျသွားတာကိုး ကိုယ့်ကုသိုလ်ကံပဲလေ ခြံဧကဘယ်လောက် ပါသွားလဲတော့မသိဘူး ပါသွားတာတော့သေချာတယ် သွားကြည့်လို့မှ မရတာ ခြံနှစ်ခြံစလုံး ပြိုသွားတာတော့သိတယ် ဘယ်လောက်ထိ ဆုံးရှုံးသလဲပဲ မသိသေးတာ စိုက်ထားတဲ့ကွမ်းပင်တွေ အကုန်ကုန်သွားလား မသိတော့ဘူး” ဟု ဒေသခံ ဒေါ်နုခင်က ပြောသည်။

    မွန်ပြည်နယ်အစိုးရ၏ ကနဦး ထုတ်ပြန်ထားသောစာရင်းအရ ရေကြီးမြေပြိုမှုများကြောင့် တစ်ပြည်နယ်လုံးတွင် ကျပ်သိန်းပေါင်း ၁၂ဝဝဝ ကျော်ဆုံးရှုံးခဲ့ပြီး လူ ၆၈ ဦးသေဆုံးကာ ဒဏ်ရာရသူ ၂ ဦးရှိခဲ့ကြောင်းသိရသည်။

    ယမန်နှစ်က မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် စပါးဧက ရဝဝဝဝ ကျော်ရေလွှမ်းခဲ့ပြီး ဧက ၃၁ဝဝဝ ကျော် ပျက်စီးခဲ့သည့်အတွက် မျိုးစပါးများ ထောက်ပံ့ပေးခဲ့သည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။


    Photo- ရေမြုပ်နေသောထန်းပင်လူသွားလမ်းနှင့် နံဘေးမှလယ်ကွင်း(MNA)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts