spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးခွင့်ပြုချက်မရဘဲ ကရင့်အာဇာနည်နေ့ဦးဆောင်ကျင်းပသူ နော်အုန်းလှအပါအဝင် ၃ ဦးအမှုဖွင့်ခံရ

    ခွင့်ပြုချက်မရဘဲ ကရင့်အာဇာနည်နေ့ဦးဆောင်ကျင်းပသူ နော်အုန်းလှအပါအဝင် ၃ ဦးအမှုဖွင့်ခံရ

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၁၆)

    ရန်ကုန်တိုင်းအစိုးရ၏ ခွင့်ပြုချက်မရဘဲ ရန်ကုန်မြို့တော်ခန်းမရှေ့နှင့် မဟာဗန္ဓုလပန်းခြံကြား ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ နော်အုန်းလှ အပါင်အဝင် ၃ ဦးကို ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

    “ကျောက်တံတားမြို့နယ် ရဲစခန်းမှူး ဖုန်းဆက်လာပါတယ်၊ ရန်ကုန်တိုင်းအစိုးရက ခွင့်မပြုတဲ့ ကရင်အာဇာနည်နေ့အခမ်းအနားကို မဟာဗန္ဓုလပန်းခြံရှေ့တွင်ကျင်းပခဲ့တဲ့အတွက် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ထားတယ်လို့ ပြောပါတယ်ရှင်” ဟု ကရင်အမျိုးသမီးအစည်းအရုံး KWU ဥက္ကဋ္ဌ နော်အုန်းလှ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

    (၆၉)နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို သြဂုတ်လ(၁၂) ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ်၌ ကျင်းပခဲ့ရာတွင် ကရင်အမျိုးသားအလံတော်ကို အမြင့်ဆုံးတင်၍တိုင်တစ်ဝက်ချအလေးပြုခြင်း၊ ကရင့်တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သူများကို လွမ်းသူပန်းခွေချ အလေးပြုခြင်း၊ သဝဏ်လွှာများဖတ်ကြားခြင်းနှင့် မဟာဗန္ဓုလပန်းခြံကို ပတ်၍လမ်းလျှောက်ခြင်းတို့ဖြင့် ကျင်းပခဲ့သည်။

    “ခန်းမထဲမှာ ကျင်းပမယ့်ပွဲကို လမ်းမပေါ်ရောက်လာအောင် ပြုလုပ်ခဲ့တာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကြောင့်လို့ ပြောရပါမယ် သူတို့မှာသာတာဝန်အရှိဆုံးပါဘဲ။ အခုလိုလုပ်ရပ်တွေဟာ ငြိမ်းချမ်းရေးတည်ဆောက်နေပါတယ် ဆိုတဲ့အခြေနေမျိုးမှာ ယုံကြည်မှုအားနည်းစရာ အခြေနေမျိုးဖြစ်ပါတယ်”ဟု နော်အုန်းလှက ရေးသားထားသည်။

    ကရင်အာဇာနည်နေ့အခမ်းအနားကို လွန်ခဲ့သည့် ၁ လကတည်းက ယုဒဿန်ခန်းမတွင် ကျင်းပရန် ကမာရွတ်မြို့နယ်ထွေအုပ်ထံ တင်ပြခဲ့သော်လည်း ရန်ကုန်တိုင်းအစိုးရ ခွင့်မပြုကြောင်း၊ တိုင်းအစိုးရခွင့်မပြုသည့်အတွက် အခြားနေရာခန်းမများတွင် ကျင်းပရန်ကြိုးစားကြသော်လည်း လက်မခံရဲကြကြောင်း၊ ထိုနောက် ဒဂုံအရှေ့မြို့နယ်ရှိ မကွေးကျောင်းတိုက်တွင် ကျင်းပရန်စီစဉ်ခဲ့ရာတွင်လည်း ဘုန်းကြီးကိုဖိအားပေးလာပြန်သဖြင့် အစီအစဉ်ပျက်ခဲ့ရကြောင်း၊ နောက်ဆုံးအများဆန္ဒအရ ငြိမ်းစုစီတင်ပြပြီး လမ်းမပေါ်ကျင်းပရန် ဆုံးဖြတ်ခဲ့ရကြောင်း နော်အုန်းလှက ရေးသားသည်။

    ကရင့်အာဇာနည်အသုံးအနှုန်း မသုံးစွဲရန် အာဏာပိုင်များတားမြစ်ခြင်းသည် မဟာဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးလိုသည့်ဝန်ကြီးချုပ်တွေကြောင့်လား ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာပြီဟု အခမ်းအနားကျင်းပသည့်နေရာတွင် သတင်းမီဒီယာများကို နော်အုန်းလှက ပြောဆိုမှုများရှိခဲ့သည်။

    ထို့အတူ နော်အုန်းလှအပေါ် အမှုဖွင့်အရေးယူထားသည်မှာ မှန်ကန်ကြောင်း၊ ငြိမ်းစုစီပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ထားကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်း တာဝန်မှူးက RFA သတင်းဌာနအား ဖြေကြားခဲ့သည်။

    ထို့အတူ အခမ်းအနားကျင်းပရေးကော်မတီဝင် စောထွန်းထွန်းက “တိုင်းရင်းသားတွေ ကရင်မှမဟုတ်ဘူး မြန်မာပြည်မှာရှိနေတဲ့ တိုင်းရင်းသားအားလုံး လူနည်းစုတွေအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်သွင်ပြင်လက္ခဏာ ယုံကြည်တဲ့အရာ သူတို့ရဲ့သတ်မှတ်တဲ့အမျိုးသားခေါင်းဆောင်တွေကို လွတ်လွတ်လပ်လပ် မကျင်းပရဘူးဆိုရင် ဒီနိုင်ငံရှေ့ဆက်သွားချင်တာ ဘာလဲပေါ့၊ တကယ်ကိုရော ဖက်ဒရယ်ဒီမိုကရေစီကိုသွားချင်တာလား၊ ဖက်ဒရယ်ပြည်ထောင်စုကို သွားချင်တာလား၊ ဒါမှမဟုတ် ဆိုတော့ကျနော်တို့တွေက ဒီမိုကရေစီအာဏာရှင်စနစ်ပုံစံမျိုးနဲ့သွားချင်တာလားပေါ့ စိုးရိမ်ဖွယ်ရာကတော့ အများကြီး ကျနော်တွေ့ရပါတယ်” ဟု ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ၊ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA, KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီတို့ အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုပြီး နောက်ပိုင်းတွင် ကရင်တိုင်းရင်းသားများ နေထိုင်ကြသည့် မြို့များ၌ ကရင့်အာဇာနည်နေ့ အခမ်းအနားများကို အဆင်ပြေချောမွေ့စွာ နှစ်စဉ်ကျင်းပခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစတင်၍ ဒေသအချို့တွင် အာဏာပိုင်များ တားမြစ်အရေးယူမှုများ ရှိခဲ့သည်။


    Photo- ရန်ကုန်မြို့ (၆၉)နှစ်မြောက် ကရင်အာဇာနည့်အခမ်းအနားတွင်
    နော်အုန်းလှကိုတွေ့ရစဉ်( Naw Ohn Hla Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks