spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းသဲဖြူကုန်းကျေးရွာတောင်ပြိုမှုတွင် ဆုံးရှုံးသွားသည့်နေအိမ်များကို အစိုးရပြန်ဆောက်ပေးမည်

    သဲဖြူကုန်းကျေးရွာတောင်ပြိုမှုတွင် ဆုံးရှုံးသွားသည့်နေအိမ်များကို အစိုးရပြန်ဆောက်ပေးမည်

    -

    စန္ဒာဉာဏ် (မော်လမြိုင်၊ သြဂုတ် ၁၆)

    မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မလတ်တောင်ပြိုကျမှုတွင် ပျက်စီးဆုံးရှုံးခဲ့သောနေအိမ်များအတွက် ပြန်လည်တည်ဆောက်ပေးမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲဲ့ထံမှ သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းက မော်လမြိုင်-ရန်ကုန် ကားလမ်းဘေးရှိ မလတ်တောင် ပြိုကျသည့်ဖြစ်စဉ်ကြောင့် နေအိမ် ၂၇ လုံး ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက “ပြန်လည်နေရာချထားဖို့က လက်ရှိအဲဒီအနီးအနားပတ်ဝန်းကျင်မှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေပေါ့နော် အဲဒီမြေကိုရှာနေတယ် ရှာပြီးတော့မှ အဲဒီမြေပေါ်မှာ ပြန်ဆောက်ပေးမယ် နေရာတွေ ဘာတွေကတော့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတို့ မြေစာရင်းတို့ကို ရှာခိုင်းထားတယ် ပြန်စီမံပေးမယ်” ဟု ၎င်းကဆိုသည်။

    အကယ်၍ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေမရပါက လယ်ယာမြေများကို ပြန်လည်ဝယ်ယူပေးပြီး တည်ဆောက်ပေးမည်ဟု ၎င်းကဆက်ပြောသည်။

    “ဒါက long term plan ဖြစ်နေတယ် ရေရှည်စီမံသွားရမယ့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပိုင်းထဲမှာ ပါနေတယ်၊ ချက်ချင်းဝယ်လိုက် ခုချက်ချင်းယူလိုက်ဆိုပြီးတော့ မရနိုင်ဘူး။ နောက်တစ်ခါ ဒီနေရာမှာပေးမယ် နင်တို့ဒီနေရာမှာနေဆိုပြီး လုပ်လို့လည်းမရဘူူး” ဟု ဦးမြင့်သန်းဝင်းက ဆက်ပြောသည်။

    သို့ရာတွင် အစိုးရစီမံခန့်ခွဲခွင့်ရှိသည့်မြေအနေဖြင့် အဆိုပါနေရာအနီးတဝိုက်တွင် စားကျက်မြေများ မြေလွတ်များရှိပြီး ရွာသားအများစုမှာ နဂိုနေရာတွင်ပင် ပြန်လည်နေထိုင်လိုကြသည်ဟု ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောသည်။

    “ရွာသားတွေက မိသားစုဝင်တွေ ဆေးကုတဲ့သူကကု သေဆုံးတဲ့သူက သေဆုံးဆိုတော့ များများစားစားတော့ သိပ်မကျန်ခဲ့ဘူးပေါ့နော်။ အများစုကတော့ ကိုယ်နေနေကျ နေရာမှာပဲ နေချင်တာပေါ့။ သို့သော်လည်းပဲ ဒီနေရာက နေသင့်လား မနေသင့်လားဆိုတာ ဘူမိဗေဒ ပညာရှင်တွေနဲ့ ပြည်ထောင်စုရဲ့ သတ်မှတ်မှုရှိသေးတာပေါ့နော်” ဟု ၎င်းကဆက်ပြောသည်။

    နောက်ထပ်တောင်ပြိုမှု ထပ်ဖြစ်နိုင်ခြေရှိမရှိကို ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင်၍ ဘူမိဗေဒပညာရှင်များက စစ်ဆေးနေဆဲဖြစ်ပြီး တွေ့ရှိချက်များကို မွန်ပြည်နယ်အစိုးရမှ ထုတ်ပြန်သွားမည်ဟု သိရသည်။

    မြေပြိုမှုကြောင့် လူ ၄၇ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးသေဆုံးကာ အခင်းဖြစ်သည့်နေရာတွင် ယနေ့အထိ ရုပ်အလောင်း ၆၉ ဦး တွေ့ရှိထားပြီး ရှာဖွေရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

    ၎င်းအပြင် ပေါင်မြို့နယ်ရှိ ကျောက်မိုင်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ပျက်စီးသည့် အကျိုးဆက်နှင့် သက်နုမြေသားများကို မြေတူးကာ ရောင်းစားသဖြင့် တောင်ပြိုရခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် ဒေသခံတို့က ဝေဖန်နေကြသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်ကမူ တောင်များမှမြေကြီးတူးဖော်သည့် လုပ်ငန်းများကို ဥပဒေအရ အရေးယူသွားမည်ဟု သြဂုတ်လ ၁၀ ရက်နေ့က ပြောထားသည်။


    Photo- ပြိုကျခဲ့သည့် မလတ်တောင်နေရာ (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts