spot_img
Sunday, February 22, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးသဘောထားကွာဟနေမှုများကို ဆက်လက်ညှိနှိုင်းသွားရန်လိုအပ်နေဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

    သဘောထားကွာဟနေမှုများကို ဆက်လက်ညှိနှိုင်းသွားရန်လိုအပ်နေဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၁၅)

    အစိုးရ(အစိုးရ၊ တပ်မတော်၊ လွှတ်တော်)၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား သဘောထားကွာဟနေမှုများကို ဆက်လက်ညှိနှိုင်းသွားရန် လိုအပ်နေသည်ဟု ယနေ့ကျရောက်သော ၇၂ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်သစ်ပါတီက ထုတ်ပြန်ကြေညာလိုက်သည်။

    ၇၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားများကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်ဌာနချုပ်ရုံးများနှင့် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီတပ်တည်စခန်း ဂျပန်ရေတွင်းရွာ ဘုရားသုံးဆူမြို့နယ်ရုံး(NMSP) ခန်းမဆောင်တွင် ယနေ့နံနက်ပိုင်းတွင် အသီးသီးကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    “မွန်ပြည်သစ်ပါတီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ဖြင့် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် အပစ်ရပ်စဲမှုအဆင့်မှ NCA စာချုပ်မှာလက်မှတ်ရေးထိုးခဲ့သော်လည်း အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်နိုင်ရေး၊ တပ်နေရာချထားရေး၊ ဖက်ဒရယ်တပ်မတော်တည်ဆောက်ရေးတို့ကို အကောင်အထည်မဖော်နိုင်သေးပါ”ဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် ဒေါက်တာနိုင်ရွှေသိန်းက ဂျပန်ရေတွင်း အခမ်းအနား၌ မွန်ပြည်သစ်ပါတီဗဟို ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။

    ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံကို ဆက်လက်မကျင်းပနိုင်သေးဘဲ ရပ်ဆိုင်းထားရကြောင်း၊ NLD အစိုးရ အာဏာရခဲ့သည်မှာ ၄ နှစ်သက်တမ်းရှိလာတော့မည်ဖြစ်သော်လည်း မည်သည့်အပြောင်းအလဲမှ မလုပ်ဆောင်နိုင်ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အခြားသောပြုပြင်ပြောင်းလဲရေးများ မဆောင်ရွက်နိုင်သေးသည်သာမက ပြည်တွင်းစစ်မီးဆက်လက်တောက်လောင်နေပြီး စစ်ဘေးရှောင်ဒုက္ခသည်များလည်း ပိုမိုများပြားလာကြောင်း အဆိုပါ မွန်ပြည်သစ်ပါတီ ထုတ်ပြန်ကြေညာချက်တွင် ထောက်ပြထားသည်။


    Photo- (၇၂)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား
    သထုံခရိုင်(NMSP)

    အလားတူ မွန်ပြည်သစ်ပါတီနှင့် သက်ဆိုင်ခြင်းမရှိသည့် မွန်နိုင်ငံရေးပါတီအဖွဲ့ဝင်များ၊ မွန်လူမှုအဖွဲ့အစည်းများနှင့် မွန်လူငယ်များ အင်အားနှစ်ထောင်ကျော်ခန့်က မုဒုံမြို့နယ် ကျောက်တစ်လုံးဆရာတော်၏ ဝင်းစိန်တောရကျောင်းဝင်းရှိ မွန်အာဇာနည်ကုန်းသို့ မွန်ဒေသအနယ်နယ်အရပ်ရပ်မှ ဘင်ခရာစစ်ကြောင်းများဖြင့်ချီတက်လာကြပြီး ၇၂ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့အခမ်းအနားကို ယနေ့ မွန်းလွဲ(၁) နာရီအချိန်တွင် စတင်ကျင်းပခဲ့သည်။

    အဆိုပါအခမ်းအနားမှ မွန်ဘာသာဖြင့်ထုတ်ပြန်ချက်တွင် မိမိတို့အမျိုးသားရေးပန်းတိုင်ရောက်ရှိနိုင်အတွက် ညီညွတ်ရေးသာအဓိကဖြစ်ပါကြောင်း၊ ယခုအချိန်ကာလတွင် မွန်လူထုလူတန်းစားအသီးသီးနှင့် မွန်နိုင်ငံရေးပါတီတို့ အင်အားရပ်တစ်ခုအဖြစ်စုစည်းနိုင်ခဲ့သည်မှာ ကောင်းမွန်သောလက္ခဏာရပ် ဖြစ်သည့်အတွက် ညီညွတ်ရေးအသီးအပွင့်များကို မကြာမီခံစားရလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်နိုင်ရေးပါတီမှ မွန်အမျိုးသားအကျိုးစီးပွားကို တကယ်ထမ်းရွက်နိုင်မည့် ကိုယ်စားလှယ်လောင်းများ မဲအနိုင်ရရှိရေးသည် မွန်တစ်မျိုးသားလုံး၏ တာဝန်ဖြစ်ပါကြောင်း တိုက်တွန်းထားသည်။

    အခမ်းအနားတွင် မွန်တော်လှန်ရေးခေါင်းဆောင်များ၏ အုတ်ဂူရှေ့တွင် လွမ်းသူ့ပန်းခွေချခြင်း၊ မွန်အလံတော်နှင့် ကွယ်လွန်လေပြီးသောမွန်ခေါင်းဆောင်များနှင့် စစ်သည်များအားလေးပြုခြင်း၊ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မွန်တော်လှန်ရေးနေ့ဖြစ်စဉ်သမိုင်း၊ ထုတ်ပြန်ကြေညာချက်၊ မွန်ပြည်သစ်ပါတီဥက္ကဌ၏ သဝဏ်လွှာဖတ်ကြားခြင်း၊ သဘာဝဘေးဒဏ်ခံစားရသူများအတွက် ဆုတောင်းပေးခြင်း၊ ငွေစာရင်းရှင်းတမ်းနှင့် ဖြေဖျော်ရေးကဏ္ဍအစီအစဉ်များကျင်းပပြီး အခမ်းအနားပြီးဆုံးခဲ့သည်။

    မြန်မာပြည်လွတ်လပ်ရေးရပြီးခါစတွင် ဖဆပလအစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုကို မခံမရပ်နိုင်သော မွန်လူငယ်တစ်စုက ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်(၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့) တွင် ဇာသပြင်ကျေးရွာ ရဲစခန်းလက်နက်များကို စတင်လုယက်တိုက်ခိုက်သည်မှစတင်၍ အစိုးရအဆက်ဆက်ကို တွန်းလှန်ခဲ့သည့် မွန်လက်နက်ကိုင်တပ်ဖွဲ့များပေါ်ပေါက်လာသည်ကို အစွဲပြု၍ မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပလာခြင်း ဖြစ်သည်။


    Photo-(၇၂)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား
    ဝင်းစိန်တောရ မွန်အာဇာနည်ကုန်း(MNA)





    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks