spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် မလတ်တောင်မြေပြိုမှုတွင် နောက်ထပ်အက်ကြောင်းတွေ့ရှိထားပြီး ထပ်မံပြိုကျနိုင်ဟုဆို

    မွန်ပြည်နယ် မလတ်တောင်မြေပြိုမှုတွင် နောက်ထပ်အက်ကြောင်းတွေ့ရှိထားပြီး ထပ်မံပြိုကျနိုင်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၁၂)

    သြဂုတ်လ ၉ ရက်နေ့ နံနက်စာစောပိုင်းက ဖြစ်ပွားခဲ့သော မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မလတ်တောင်မြေပြိုမှုကို ဒရုန်းစက်ဖြင့်လေ့လာတွေ့ရှိချက်အရ နောက်ထပ်အက်ကြောင်းတွေ့ရှိထားပြီး မိုးကြီးလျင်ထပ်မံပြိုကျနိုင်သည်ဟု ပေါင်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် ရေးသားထားသည်။

    “သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားသည့် နေရာမှာ နောက်ထပ်ဖြစ်နိုင်ခြေရှိမရှိကို ဒရုန်းစက်နဲ့ရိုက်ပြီးလေ့လာ တွေ့ရှိချက်ကတော့ နောက်ထပ် အက်ကြောင်းတွေ့ထားပါတယ်၊ မိုးကြီးရင်တော့ ပြိုကျနိုင်ပါတယ်၊ အမြန်ဆုံးဘယ်လိုဆောင်ရွက်မလဲဆိုတာကို ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါတွေကို ရန်ကုန်တိုင်းမီးသတ်အဖွဲ့မှ ကူညီဆောင်ရွက်ပေးပါတယ်။ ပညာရှင်တွေပါလာတဲ့အတွက် အကြံဉာဏ်ကောင်းတွေရရှိပါတယ်” ဟု သြဂုတ်လ ၁၁ ရက်နေ့တွင် ပေါင်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်က ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

    ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက အလားတူ တောင်နံရံအက်ကွဲမှုများကို ဆက်လက်တွေ့ရှိရသည့်အတွက် သြဂုတ်လ ၁၁ ရက်နေ့တွင် ကျွဲခြံကုန်းဒေသခံများကို ဘေးလွတ်ရာပြောင်းရွေ့ထားကြောင်း သတင်းဌာနများကို ပြောကြားခဲ့သည်။

    မည်သည့်အကြောင်းကြောင်းကြောင့် အဆိုပါတောင်မြေပြိုကျမှုဖြစ်ပေါ်ခဲ့ရသည်ကို အများသိရှိနိုင်ရန် သက်ဆိုင်ရာမှ အစီရင်ခံထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပြိုကျခဲ့သည့်တောင်က သက်နုတောင်ဖြစ်နေပြီး ကျွမ်းကျင်သူများနှင့် ဆွေးနွေးကာ မည်ကဲ့သို့ကိုင်တွယ်ရမည့်ကို အသေအချာဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သတင်းထောက်များအား ပြောကြားခဲ့သည်။

    “သက်နုတောင်ဖြစ်တဲ့အပြင် တောင်ပေါ်မှာ အက်ကြောင်းတစ်ခုရှိလိမ့်မယ်။ တောခုတ်ထားတာတွေကလည်းရှိတော့ ဒီနေရာက သဘာဝအလျောက် ပြိုကျတာပါပဲ။ မိုးကလည်း နှစ်ရက်ဆက်တိုက် ရွာတာ ၂၈ လက်မရှိတယ်။ မြေကြီးက နူးပြီးတော့ ပြိုကျတဲ့သဘောပါပဲ။ အောက်ကနေတူးထားတဲ့ နေရာတွေကလည်း တစ်ချို့နေရာတွေမှာ ရေဝပ်တယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။

    ထို့ပြင် ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ တောင်များတွင် မြေကြီးတူးဖော်လျှင် အရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၁၀ ရက်နေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။

    သို့ရာတွင် မွန်ပြည်နယ် သယံဇာတနှင့် သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စာရင်းအရ ပေါင်မြို့နယ်တွင် လမ်းခင်းကျောက်ထုတ်လုပ်သည့် တရားဝင်ကျောက်မိုင်း ၂၅ ခုခွင့်ပြုထားသည့်အနက် အနှစ် ၃၀ ထုတ်လုပ်ခွင့်ပြုထားသော ကျောက်မိုင်း ၄ မိုင်းရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ် သစ်တောကြိုဝိုင်းအတွင်း ကုမ္ပဏီ ၂၂ ခုနှင့် ဥယျာဉ်ခြံမြေများအတွင်း ကုမ္ပဏီ ၈၈ ခုတို့ကို ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ထုတ်ပေးထားကြောင်း၊ မွန်ပြည်နယ်မှကျောက်များကို ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ရန်ကုန်သီလဝါဆိပ်ကိမ်းသို့ တင်ပို့နေကြောင်း သိရသည်။

    အဆိုပါမလတ်တောင်မြေပြိုကျမှုတွင် ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမပေါ် ခရီးသွားလာနေသော ကုန်တင်ကားများ၊ ကိုယ်ပိုင်ကားများမှာလည်း မြေသားအောက်ရောက်ရှိခဲ့ရပြီး တောင်ခြေကားလမ်းနှစ်ဖက်ရှိ နေအိမ်များအပါအဝင် သေဆုံးသူ ၅၆ ဦးနှင့် ဒဏ်ရာ ၄၀ ဦးရှိခဲ့သည်ဟု သတင်းရရှိသည်။


    Photo- ဒရုန်းစက်ဖြင့် တောင်မြေပြိုမှုလေ့လာနေစဉ်(မိကွန်ချမ်း)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks