spot_img
Monday, February 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအစိုးရတားမြစ်သော်လည်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကရင့်အာဇာနည်နေ့ကျင်းပ

    အစိုးရတားမြစ်သော်လည်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကရင့်အာဇာနည်နေ့ကျင်းပ

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၁၂)

    အာဇာနည်အသုံးအနှုန်းမသုံးစွဲရန် အစိုးရဘက်ကတားမြစ်ထားသော်လည်း ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    ကရင်အမျိုးသားအလံတော်ကို တိုင်တစ်ဝက်ချပြီး ကရင့်တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သူများအား လွမ်းသူပန်းခွေချ အလေးပြုခြင်း၊ သဝဏ်လွှာများဖတ်ကြားခြင်းနှင့် ကရင်အမျိုးသားတစ်ရာကျော်က မဟာဗန္ဓုလပန်းခြံကို လမ်းလျှောက်၍ တစ်ပတ်ပတ်ခဲ့ကြခြင်း ဖြစ်သည်။

    အခမ်းအနားဦးဆောင်သူ နော်အုန်းလှက “ခါတိုင်းနှစ်တွေက ခန်းမတွေမှာပဲလုပ်တာပေါ့နော်၊ ဒီနှစ်ကျတော့ ခန်းမတွေကို ရန်ကုန်တိုင်းအစိုးရက လုံးဝခွင့်မပေးတဲ့အတိုင်းအတာအရ ဝန်ကြီးချုပ်လက်မှတ်မထိုးဘူး မြုုိ့နယ်ထွေအုပ်တွေက အကြောင်းကြားတယ်၊ အကြောင်းကြားတဲ့အထဲမှာလည်း ရန်ကုန်တိုင်းအစိုးရ ပေးမလုပ်ပါဘူးလို့ ဆိုတယ်” ဟု ပြောသည်။

    မကွေးပရိယတ္တိစာသင်တိုက်တွင် မူလကအခမ်းအနားကျင်းပရန် စီစဉ်ခဲ့ရာတွင် ရန်ကုန်တိုင်းအစိုးရမှ ကရင်အာဇာနည်နေ့ခေါင်းစဉ်ဖြင့် မကျင်းပရန်တားမြစ်ခဲ့ကြောင်း၊ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အခမ်းအနားကျင်းပရန် ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်အသိပေးရာတွင် အာဇာနည်ဟူသည့်စကားလုံးကို ဖြုတ်ခိုင်းကြောင်း၊ မည့်သည့်အတွက်ကြောင့်ဖြုတ်ခိုင်းသည်ကို ၄င်းတို့က ဖြေကြားနိုင်ခြင်း မရှိကြောင်း နော်အုန်းလှက ဆိုသည်။

    အလားတူ ဧရာဝတီတိုင်းဒေသကြီးအစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မိုးမြတ်မြတ်သူက အချို့စာပေယဉ်ကျေးမှုအဖွဲ့ကော်မတီများသည် ကရင်အာဇာနည် စောဘဦးကြီးနေ့ အခမ်းအနားကျင်းပရန် စီစဉ်ထားကြောင်း၊ ၄င်းအခမ်းအနားအား ကရင်အာဇာနည်အသုံးအနှုန်းကို အသုံးမပြုရန် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ သတ်မှတ်သောစည်းမျဉ်းစည်းကမ်းနှင့်အညီ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီများသို့ ဆက််လက်ညွှန်ကြားရန် အသိပေးအကြောင်းကြားသည်ဟု သြဂုတ်လ ၈ ရက်နေ့စွဲဖြင့် ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုး စာပေးပို့ခဲ့ကြောင်း တွေ့ရှိရသည်။

    ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက “အရင်နှစ်တွေ ကျင်းပတုန်းက ကျင်းပလို့ရရက်သားနဲ့ ဘာကြောင့် ခုကျမှဖြစ်ရတာလဲ၊ ဒါလည်းစဉ်းစားစရာ ဖြစ်ပါတယ်၊ တိုင်းရင်းသားတွေဘက်က ယူဆတဲ့အချက်အလက်တွေကို နားမလည်နိုင်သေးဘဲနဲ့ ရှေ့ဆက်သွားမယ့် ဖက်ဒရယ်ခရီးကတော့ အလှမ်းဝေးနေမှာပဲလို့ ကျနော်အဲဒီလိုပဲတွေးလို့ရတယ်” ဟု ဆိုသည်။

    ထို့ပြင် “ကရင်အာဇာနည်နေ့”မသုံးရဆိုသည်ကို မည်သည့်ကြေညာချက်မှ မတွေ့ခဲ့ရကြောင်း၊ ပိတ်ပင်ထားသည့်နေရာများတွင်လည်း မည်သည့်အတွက်ကြောင့်ပိတ်ပင်ရသည်ကို မိမိတို့မသိရကြောင်း၊ အခမ်းအနားကျင်းပပြုလုပ်ခွင့် မပေးသည်ကိုသာ သိခဲ့ရကြောင်း ၄င်းကဆက်ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုပြီး နောက်ပိုင်းတွင် ကရင့်အာဇာနည်နေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့သော်လည်း ယမန်နှှစ်ကစ၍ ကရင့်အာဇာနည်နေ့ကျင်းပသည့် အခမ်းအနားအချို့ကို အာဏာပိုင်များ တားမြစ်သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

    အလားတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၆)နယ်မြေ ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်ရှိ အတွင်းကွင်းကလေးကျေးရွာ ခရစ်ယာန်ကျောင်းဝင်း၌ ယနေ့တွင်ကျင်းပသော ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနား၌ ကရင်အမျိုးသားအာဇာနည်များ၏ မျှော်လင့်ချက်များနှင့် စွန့်လွှတ်ပေးဆပ်မှုများ အဓိပ္ပာယ်ပြီးပြည့်စုံရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ကရင်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက် ရရှိအောင်မြင်ရန် အတူ တကွ ရပ်တည်လုပ်ဆောင်သွားကြရန် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။

    ထို့အတူ KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီ ဗဟိုဌာနချုပ် ထိုကော်ကိုး-နော်တယာ၌ (၆၉) ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

    ကရင်ခေါင်းဆောင် စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် တပ်ဖွဲ့ဝင်များ ၁၉၅၀ သြဂုတ်လ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ထိုကော်ကိုးရွာတွင် တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရသည့်နေ့ကို အစွဲပြု၍ ကရင်အမျိုးသားအာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

    Photo- ရန်ကုန်မြို့တော်ခန်းမရှေ့က ကရင့်အာဇာနည်နေ့အခမ်းအနား(BBC)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks