spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်တွင် ရေဘေးသင့်ပြည်သူ ၂၆၀၀၀ ကျော်ရှိ

    ကျိုက်မရောမြို့နယ်တွင် ရေဘေးသင့်ပြည်သူ ၂၆၀၀၀ ကျော်ရှိ

    -

    မင်းသူရိန်(ကျိုက်မရော၊ သြဂုတ် ၁၁)

    အတ္တရံမြစ်ရေ မြင့်တတ်လာမှုကြောင့် သြဂုတ်လ ၁၁ ရက်နေ့ထိ ကျိုက်မရောမြို့နယ်တွင် ရေဘေးသင့်ပြည်သူ ၂၆၀၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

    ကျိုက်မရောမြို့ပေါ်တွင် သြဂုတ်လ ၇ ရက်နေ့တွင် ကယ်ဆယ်ရေးစခန်းနှစ်ခု ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိအချိန်တွင် ကျိုက်မရောမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း လေးခုနှင့် ငပြေမကျေးရွာတွင် ကယ်ဆယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ထားကြောင်း ၎င်းက ဆိုသည်။

    “လောလောဆယ် ကျိုက်မရောမြို့ပေါ်တောင်လာလို့မရဘူး၊ ကျိုက်မရောမြို့ကို လာဖို့တောင် ကားသေးသေးနဲ့ ဝင်လို့မရဘူး၊ ချောင်းနှစ်ခွဘက်လဲ အိမ်တွေ ရေမြုပ်နေတယ်၊ သူတို့တွေက အိမ်ပေါ်မှာ ကုတ်ကပ်နေနေကြတယ်၊ အချို့အိမ်တွေဆိုရင် အန္တရာယ်ရှိတယ်၊ ပေါလောကျေးရွာအုပ်စုထဲက ထရံရွာ၊ ဖာသိမ်ကျေးရွာအုပ်စုထဲက ကမ်းနားရွာ၊ ရေပူကော့စပ် အဲဒီရွာတွေက အန္တရာယ်ရှိတယ်၊ ရေမြုပ်တာက ကမ်းနားဘက်ရွာတွေ အကုန်မြုပ်တယ်”ဟု စောအောင်မြင့်ခိုင်က ပြောဆိုသည်။

    လက်ရှိမှာ အတ္တရံမြစ်ရေ စိုးရိမ်ရေအမှတ် ၅၂၀ ထက် စင်တီမီတာ ၂၀ ကျော် ပိုနေပြီ ကျေးရွာ ၁၅ ရွာမှ အိမ်ထောင်စုပေါင်း ၄၇၀၀ ကျော် ရေဘေးသင့်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

    “ထမင်းထုပ်တောင် ဝေရမယ် အနေအထားဖြစ်နေတယ်၊ ရေက နေအိမ် အောက်ထပ်တွေ မြုပ်နေပြီးဆိုတော့လေ ကုန်ခြောက်တွေ ဝေပေးရမယ်၊ ရေနစ်မြုပ်နေတဲ့ရွာတွေကိုလဲ ကယ်ဆယ်ရေးတွေ သတိထားပြီး သွားနေရတယ်၊ လှေသေးသေးတွေက ရှိတယ်၊ လှေကြီးကြီး လိုတယ်”ဟု စောအောင်မြင့်ခိုင်က ဆက်ပြောသည်။

    “ဒီရေကြီး နစ်မြုပ်မှုကတော့ အန်တီတို့မြို့နယ်ထဲမှာ ချောင်း ၄၂ ချောင်းမှာ ၂၇ ချောင်း ဖော်ပြီးပါပြီ။ အမှန်ကတော့ ဝါဆို လပြည့်ထဲက ရေတက်ပါတယ််။ ချောင်းတွေက ဆွဲနိုင်ပါတယ်။ ပုံမှန်တက်ရေဆို အန်တီတို့ လုပ်ထားတဲ့ အစီအစဉ်အရ အင်မတန်မှ အောင်မြင်ပါတယ်။ သို့သော် အခုဖြစ်လာတာက မိုးက တအားဝင်လာတယ်”ဟု ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောသည်။

    အလားတူ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေးမြို့အပါအဝင် ရေးမြို့နယ်တောင်ပိုင်း ကျေးရွာများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် အကူအညီများအရေးပေါ် လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။

    ထို့ပြင် မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် သြဂုတ်လ ၁၂ ရက်နေ့အထိ မိုးရွာသွန်းမှု များပြားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဘေဒဦးစီးဌာနက သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီက သတင်းထုတ်ပြန်ထားသည်။


    Photo- ကျိုက်မရောမြို့နယ်တွင် ရေနစ်မြုပ်သည့်နေရာတစ်ခု(Facebook)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks