spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်- ရေး ပြည်ထောင်စုလမ်းမကြီး မြေသားကျွံသဖြင့် မော်တော်ကားများဖြတ်သန်းမရဖြစ်

    သံဖြူဇရပ်- ရေး ပြည်ထောင်စုလမ်းမကြီး မြေသားကျွံသဖြင့် မော်တော်ကားများဖြတ်သန်းမရဖြစ်

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၉)

    မွန်ပြည်နယ် သံဖြူဇရပ်-ရေး ပြည်ထောင်စုလမ်းမကြီးသည် သံဖြူဇရပ်မြို့နယ် ဝယ်ဝင်ကရာအမွှာတံတားနှစ်ခုတွင် မိုးများရွာသွန်း၍လမ်းမြေသားကျွံကျသဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ မော်တော်ကားများ ဖြတ်သန်းသွားလာမရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

    “သံဖြူဇရပ်နဲ့ ရေးမြို့ကို လက်ရှိအနေအထားမှာ မော်တော်ကားတွေ လုံးဝသွားလာလို့မရတော့ပါ၊ ရေတိုက်စားပြီး လမ်းမြေသားနဲ့အတူ နိုင်လွန်ကတ္တလမ်းလည်း တခြမ်းပဲ့ကျသွားတယ်၊ ဝယ်ဝင်ကရာတံတားလည်း နည်းနည်းစောင်းနေပြီ၊ ရေစီးလည်းသန်နေတယ်၊ မော်တော်ကားတွွေလည်း ဟိုဘက်ဒီဘက် ပိတ်ဆို့နေပြီ” ဟု ဒေသခံတစ်ဦးက Facebook Live မှ ဗီဒီယိုဖြင့် လွှင့်တင်ခဲ့သည်။

    လမ်းမြေသားများ ဆက်လက်ကျွံကျနေသလို တံတားသည်လည်း ရေစီးနှင့်အတူ မျောပါနိုင်သည့်အနေအထားတွင်ရှိနေသည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

    ထို့အတူ ပင- ကရုပ္ပိကျေးရွာ အတွင်းလမ်းကြောင်း ပငဆားစီမံကိန်းဆားကွင်းအားလုံး ယနေ့နံနက်ပိုင်းမှ ရေအတိလွှမ်းနေသဖြင့် ဖြတ်သန်းသွား၍မရတော့ပေ။

    “ ရေသေရက်ဖြစ်ပေမယ့် ညက မကြုံစဖူးထူးကဲဒီရေတက်လို့ ပငဘူတာပိုင်းမှာ ရေလွှမ်းမိုးနေပြီး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရတယ်” ဟု ပင ကော့ထောပိုင်းသား တစ်ဦးက ဆိုသည်။

    အလားတူ သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းပေါ်ရှိ ဆင်ပြေးရွာတံတား ချဉ်းကပ်မြေသားလမ်းနေရာ ပေ ၂၀ ကျော်ရေတိုက်စားကျိုးပြတ်သဖြင့် မော်တော်ကားများသွားလာမရတော့ဘဲ ကားလမ်းမ လုံးဝပြတ်တောက်လျက်ရှိသည်။

    ပေါင်မြို့နယ် မုတ္တမအပိုင် ပဲပြာကုန်းရွာတွင် တောင်စောင်းမြေပြိုကျ၍ နေအိမ်ဆယ်လုံးခန့်မြေကြီးပိကာ မိသားစုဝင်အများအပြား ထိခိုက်သေဆုံးဒဏ်ရာရရှိကြောင်းသတင်းရရှိသော်လည်း စာရင်းအတိအကျကို အတည်မပြုနိုင်သေးပေ။

    လက်ရှိတွင် ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ကျိုက်မရော၊ သထုံ၊ ဘီးလင်းမြို့ပေါ်များနှင့် ကျေးရွာအချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေသည်။

    အထူးသဖြင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်အတော်များများတွင် ရေလွှမ်းမိုးနေပြီး လျှပ်စစ်မီးများလည်း ပြတ်တောက်လျှက်ရှိသည်။

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ ဒေသအလိုက်မိုးကြီးနိုင်ကြောင်း ယနေ့ မွန်းတည့် ၁၂ နာရီတွင် ထုတ်ပြန်ထားသည်။


    Photo- ဝယ်ဝင်ကရာတံတားအနီး နိုင်လွန်ကတ္တရာ မြေသားပဲ့ကျနေပုံ (Lucky Lucky Man)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks