spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမိန်ဗလာတောင် ပြန်လည်တူးဖော်နေမှု ခွင့်ပြုမိန့် အထောက်အထားမပြနိုင်ဟုဆို

    မိန်ဗလာတောင် ပြန်လည်တူးဖော်နေမှု ခွင့်ပြုမိန့် အထောက်အထားမပြနိုင်ဟုဆို

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ ဇူလိုင် ၃၀)

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အနီးရှိ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်အခြေစိုက်စခန်းဖြစ်ခဲ့သော မိန်ဗလာတောင်ပေါ်တွင် တရားဝင်ခွင့်ပြုချက် အထောက်အထားမရှိဘဲ Royal Eagle Myanmar Development Group Co., Ltd မှ ပြန်လည်တူးဖော်နေသည်ဟု ဒေသခံများက ပြောသည်။

    ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ စက်ယန္တရားများဖြင့် တူးဖော်နေခြင်းဖြစ်ပြီး ပြည်ထောင်စုခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေသည်ဟုပြောဆိုသော်လည်း ခွင့်ပြုမိန့် အထောက်အထားမပြနိုင်ကြောင်းသိရသည်။

    “ပစ္စည်းတစ်ခုခုတွေ့မယ်ဆိုရင်လည်း ကျွန်တော်တို့ ဒေသခံတွေက ဘာမှလည်း ဝင်စွက်ဖက်ခွင့်မရှိဘူးလေ။ ကိုယ်တွေစိုးရိမ်တာက တစ်ကဏ္ဍပေါ့။ အဓိက ကုမ္ပဏီနဲ့ အစိုးရကြားမှာ ပွင့်လင်းမြင်သာမှု ရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ ကျေးရွာနေ ပြည်သူလူထုအနေနဲ့တော့ ဘာမှစိုးရိမ်စရာမရှိလောက်ဘူးလို့ထင်တာပဲ” ဟု မိန်ဗလာတောင်နှင့်သက်ဆိုင်သည့် ဝယ်ကဝါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းကပြောသည်။

    လက်ရှိတွင် ယမန်နှစ် စမ်းသပ်တူးဖော်စဉ်က ကျန်ရှိနေသည့်သံချောင်းများကို လာရောက်ရှင်းလင်းနေခြင်းဖြစ်သည်ဟု တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

    “အဲဒါသူတို့အပေါ်က လူကြီးချင်းလုပ်တာဆိုတော့ ကျွန်တော်လည်း အတိအကျ မသိဘူး။ ဒါပေမယ့် ဒီမှာခြံဝင်းခတ်ထားပြီးပြီ သူတို့စက်မှုကဝန်ကြီးတွေက လက်မခံဘူးဆိုရင် ဒီခြံဝင်းကခတ်လို့မရဘူး။ မြေကလည်း အစိုးရမြေ စက်မှုလက်ရှိမြေကို သူတို့ ဧရိယာခတ်ထားတယ်ဆိုတော့ ဒါတော့ ကိုယ်တို့ဟာကိုယ်တို့ စဉ်းစားကြည့်ပေါ့ ခွင့်ပြုချက်မပါဘဲနဲ့ ဒီတိုင်းအမိန့်အရလာလုပ်ဖို့တော့ သိပ်တော့ မဖြစ်နိုင်ဘူး” ဟု ကုမ္ပဏီမှ ငှားရမ်းထားသည့် တူးဖော်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဦးရန်မျိုးနိုင်က ပြောသည်။

    မိန်ဗလာတောင် တူးဖော်ရေးလုပ်ငန်းကို ရန်ကုန်အခြေစိုက် Golden Geo Myanmar Co., Ltd က ၂၀၁၈ ဖေဖော်ဝါရီမှာ စတင်ခဲ့သော်လည်း ခွင့်ပြုချက်မရခြင်းကြောင့် ရပ်ဆိုင်းခဲ့ရသည်။

    ယင်းနောက် ၂၀၁၈ ဧပြီလတွင် Royal Eagle Myanmar Development Group Co., Ltd က ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် ကနဦးစူးစမ်းလေ့လာတူးဖော်ခဲ့ပြီး ပစ္စည်းတစ်စုံတစ်ရာ မတွေ့သောကြောင့် ဆက်လက်ရပ်ဆိုင်းခံခဲ့ရပြန်သည်။

    ပြည်ထောင်စုခွင့်ပြုချက်ဖြင့် ဆောင်ရွက်ပါက ပြည်နယ်အစိုးရကို သဘောထားတောင်းခံရမည်ဖြစ်ပြီး မိန်ဗလာတောင် တူးဖော်နေသည့်အကြောင်း လက်ရှိတွင် ဘာမျှမသိရသေးဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ကဆိုသည်။

    “တကယ်တမ်း ပြည်ထောင်စုက လုပ်မယ်ဆိုရင် သူတို့ဘာပဲလုပ်လုပ် ပြည်နယ်အစိုးရရဲ့သဘောထားတော့ သူတို့ယူရမယ် ယူပြီးမှ ညှိပြီးမှ ကျွန်တော်တို့စစ်ဆေးပြီးတော့မှ သဘောထားပြန်ရတယ်။ ခွင့်ပြုချက်မရှိဘဲ ဘာမှလုပ်လို့မရဘူး သဲတူးပိုင်ခွင့်လည်းမရှိဘူး အုတ်ဖုတ်ပိုင်ခွင့်လည်းမရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။

    ယင်းကိစ္စနဲ့ပတ်သက်၍ ကုမ္ပဏီမှ မြို့နယ်ထွေအုပ်ရုံးကို ကြိုတင်အကြောင်းမကြားထားခြင်းမရှိဟု သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်ကဆိုသည်။

    လက်ရှိတွင် ဆက်လက်တူးဖော်သည့်နေရာတစ်ဝိုက်ကို ခြံဝင်းခတ်ထားပြီး သတင်းမီဒီယာများအပါအဝင် အပြင်လူလုံးဝ ဝင်ခွင့်မရပေ။
    ယခုသတင်းကို အတည်ပြုချက်ရယူနိုင်ရန် Royal Eagle Myanmar Development Group Co., Ltd ကို မွန်သတင်းအေဂျင်စီမှ ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်းမရှိခဲ့ပါ။

    ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်တို့ စစ်ရှုံး၍ ထွက်ပြေးစဉ် စစ်လက်နက်များနှင့် ရွှေငွေရတနာများကို မိန်ဗလာတောင်ဂူအတွင်း မြှုပ်နှံခဲ့သည်ဟု ယူဆနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။



    Photo- ၂၉-၉-၂၀၁၉ ရက်နေ့က မိန်ဗလာတောင်ပေါ်၌ တူးဖော်နေပုံ
    (လင်းလင်းခိုင်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks