spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက်သလ္လံစေတီတော် ပြန်လည်ပြုပြင်မွမ်းနိုင်ရေး မွန်ပြည်နယ်သဘင်ပညာရှင်များ အလှူခံထွက်မည်

    ကျိုက်သလ္လံစေတီတော် ပြန်လည်ပြုပြင်မွမ်းနိုင်ရေး မွန်ပြည်နယ်သဘင်ပညာရှင်များ အလှူခံထွက်မည်

    -

    မင်းသူရိန်(မော်လမြိုင်၊ သြဂုတ် ၁)

    ကျိုက်သလ္လံစေတီတော်ဂေါပကအဖွဲ့၊ မွန်ပြည်နယ်သဘင်အစည်းရုံးနှင့် မော်လမြိုင်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ ကျိုက်သလ္လံစေတီတော် ပြန်လည်ပြုပြင်မွမ်းနိုင်ရေးအတွက် မွန်ပြည်နယ်သဘင်ပညာရှင်များက သြဂုတ်လ ၂ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့ထိ မွန်ပြည်နယ်သဘင်ပညာရှင်များက ဖျော်ဖြေရေးကားဖြင့် မော်လမြိုင်မြို့နှင့် အနီးပတ်ဝန်းကျင်ရွာများတွင် အလှူခံထွက်မည်ဖြစ်ကြောင်း ကျိုက်သလ္လံစေတီတော်ဂေါပကအဖွဲ့မှ သိရသည်။

    ၂၀၁၈ ခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်သလ္လံစေတီတော်၏ မြေထိန်းနံရံနှင့် သာသနိက အဆောက်အဦးများ ပြိုကျပျက်စီးသဖြင့် ပြန်လည်ပြုပြင်မွမ်းနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေများ လိုအပ်နေ၍ အလှူခံထွက်ရခြင်းဖြစ်ကြောင်း ကျိုက်သလ္လံစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။

    “မွန်ပြည်နယ်အစိုးရအဖွဲ့က ခန့်မှန်းထားတာတော့ တောင်တော်ကြီးပြုပြင်တာရော ရင်ပြင်တော်ရော စေတီတော်လုံတော်ပြည့်ရွှေချတာရော အကုန်လုံး ကျပ်သိန်း ၄၀,၀၀၀ လောက် မှန်းထားတယ်”ဟု ဦးမြင့်ဦးက ဆိုသည်။
    ကျိုက်သလ္လံစေတီတော် ပြန်လည်ပြုပြင်မွမ်းနိုင်ရေးအတွက် ကျိုက်သလ္လံစေတီတော်ဂေါပကအဖွဲ့တွင် ကျပ်သိန်း ၅၆၀၀ ကျော်ရှိပြီး မွန်ပြည်နယ်အစိုးရအဖွဲ့က ကျပ်သိန်း ၁၄၀၀၀ ကျော်ရရှိထားကြောင်း ၎င်းက ပြောဆိုသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Right Tunnelling Myanmar Co., Ltd တို့ ကျိုက်သလ္လံစေတီတော် ပြုပြင်ရေးစာချုပ်တန်ဖိုး ကျပ်သိန်း ၁၈၀၀၀ ကျော်ဖြင့် စာချုပ်ချုပ်ဆိုထားသော်လည်း လက်တွေ့ပြုပြင်ရာတွင် စာချုပ်တွင် မပါဝင်သည့် အခြားပြုပြင်ရမည့် ကဏ္ဍများနှင့် စေတီတော်အား လုံတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ရင်ပြင်တော် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ကျပ်သိန်း ၁၀,၀၀၀ ကျော် ထပ်မံလိုအပ်နေသေးသည်။

    “တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီတာပေါ့ လုပ်အားကုသိုလ်လေးပါ၊ အားပေးတဲ့ ပရိသတ်တွေလဲ ဝိုင်းဝန်းပြီးတော့ ဒါနကုသိုလ်လေး ပါဝင်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်ပါတယ်”ဟု မွန်ပြည်နယ်သဘင်် လူမှုကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ချစ်ရဲမင်းက ပြောသည်။

    ကျိုက်သလ္လံစေတီတော် ပြန်လည်ပြုပြင်မွမ်းနိုင်ရေးအတွက် မွန်ပြည်နယ်သဘင်အစည်းရုံး ဥက္ကဋ္ဌ ဦးမင်းနိုင်စိုး ဦးဆောင်ပြီး ချမ်းညီချမ်းအပါဝင် မွန်ပြည်နယ်မှာရှိသော သဘင်ပညာရှင် ၄၀ ကျော်က ဖျော်ဖြေရေးဖြင့် အလှူခံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်သဘင်် လူမှုကူညီစောင့်ရှောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ချစ်ဆူးငယ်က ဆိုသည်။

    ကျိုက်သလ္လံစေတီတော် ပြန်လည်ပြုပြင်မွမ်းနိုင်ရေးအတွက် စေတနာရှင်များထံမှ အလှူခံရရှိသော အလှူငွေများကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ်အကောင့်သို့ ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


    Photo-ကျိုက်သလ္လံစေတီတော်နေရာ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks