spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်း၂၀၂၀ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအားလုံးမဲပေးနိုင်အောင် ကြိုးစားမည်

    ၂၀၂၀ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအားလုံးမဲပေးနိုင်အောင် ကြိုးစားမည်

    -

    ရွှေရိုး (မော်လမြိုင်၊ ဇူလိုင် ၂၄)

    လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် (၁၀)မြို့နယ်ရှိ မသန်စွမ်းသူများအားလုံး ဆန္ဒမဲပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် မသန်စွမ်းသူများအဖွဲ့ ဥက္ကဋ္ဌ စောအောင်သိန်းတင်က ပြောသည်။

    “လာမယ့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းတွေအားလုံး ဆန္ဒမဲပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်။ နောက်ထပ် ပိုမိုပြီး ပါဝင်လာနိုင်အောင်လည်း ဆောင်ရွက်သွား မှာဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ ၅ ဒသမ ၃ ရာခိုင်နှုန်းထဲတွင် ၂ ဒသမ ၆ ရာခိုင်နှုန်းသာ ဆန္ဒမဲပေးခွင့်ရရှိသော်လည်း အမှန်စင်စစ်ဆန္ဒမဲပေးခဲ့သည့် မသန်စွမ်းသူများသည် (၁) ရာခိုင်နှုန်း မပြည့်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

    “ဘာ့ကြောင့်လဲဆိုတော့ မသန်စွမ်းတွေ ခွဲခြားဆက်ဆံခံရတဲ့ သဘောမှာရှိနေတယ်။ ကျွန်တော်တို့ မသန်စွမ်းတွေဟာ ဆန္ဒမဲပေးခြင်းနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ သဘောကိုဆောင်နေသလိုလည်း ဖြစ်နေတယ်”ဟု စောအောင်သိန်းတင်က ဆက်ပြောသည်။

    မသန်စွမ်းသူများထဲတွင် အမြင်အာရုံမသန်စွမ်းသူများ၊ ခန္ဓာကိုယ်မသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများနှင့် ညာဏ်ရည်မသန်စွမ်းသူများ ရှိနေသောကြောင့် ဆန္ဒမဲပေးခွင့်မရခဲ့သည်မှာ မဲရုံတည်ဆောက်ထားမှုအနေအထားရ အဟန့်အတားများစွာရှိနေကြောင်းနှင့် မသန်စွမ်းသူများ ခွဲခြားဆက်ဆံခံကြရသည့်အတွက် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်စေရန်နှင့် ပြည်သူ့ဆန္ဒနှင့်ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်းဖြစ်စေရမည်ဟူသော စံ (၅) ချက်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်က မွန်ပြည်နယ်သို့ လာရောက်စဉ် ပြောကြားထားသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စုံညီအစည်းအဝေး အမှတ်စဉ် (၃၆/၂၀၁၉) ဆုံးဖြတ်ချက်အရ မဲဆန္ဒရှင်စာရင်းပြုစုရာတွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထည့်သွင်းပြုစုသွားမည်ဖြစ်သည်။

    ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်မှု မြှင့်တင်ပေးရန်နှင့် အငြင်းပွားမှုပဋိပက္ခဖြစ်စေနိုင်သော ကိစ္စရပ်များကို လျော့ချရန်၊ လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲများဖြစ်စေရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့၏ လုပ်ဆောင်ချက်များသည် ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည်လက်ခံမှုရှိစေရန် မဟာဗျူဟာစီမံကိန်းကို ရေးဆွဲထားကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဟိန်းလင်းထက်က ပြောသည်။

    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မွန်ပြည်နယ်အတွင်းရှိ လူဦးရေ သိန်း (၂၀) ကျော်ထဲတွင် တစ်သိန်းကျော်ခန့်ရှိသည့် ၅ ဒသမ ၃ ရာခိုင်နှုန်းမှာ မသန်စွမ်းသူများဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ် (၁၀) မြို့နယ်လုံးပေါင်းစည်းပြီး ၂၀၁၉ ခုနှစ် မေလ ၁၃ ရက်က မသန်စွမ်းသူများအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    Photo- မြစ်ကြီးနားမျက်မမြင်ကျောင်းမှ ဆန္ဒမဲပေးခဲ့စဉ်(BNI)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks