spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် သက်ငယ်မုဒိမ်းမှုပပျောက်ရေးဆန္ဒဖော်ထုတ်

    မော်လမြိုင်မြို့တွင် သက်ငယ်မုဒိမ်းမှုပပျောက်ရေးဆန္ဒဖော်ထုတ်

    -

    မွန်သတင်းအေဂျင်စီ(ဇူလိုင် ၁၃)

    သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက်ရည်ရွယ်၍ မော်လမြိုင်မြို့တွင် ထောင်နှင့်ချီသော လူထုအင်အားဖြင့် ဇူလိုင် ၁၃ ရက်နေ့က စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကျင်းပခဲ့သည်။

    အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မွန်အမျိုးသမီးအဖွဲ့၊ မွန်လူငယ်အဖွဲ့၊ မော်လမြိုင်၊ ပေါင်၊ ကျိုက်မရောနှင့်ချောင်းဆုံမြို့နယ်မှ ဒေသခံလူထုများက မော်လမြိုင်ကမ်းနားလမ်း ညဈေးမှ နံနက် ၁၀ အချိန်တွင် စတင်ထွက်ခွာပြီး ပြည်နယ်လွှတ်တော်ရုံးရှေ့ သံလွင်ဥယျာဉ်အထိ ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

    “လူတွေရဲ့ sense ထဲမှာ ဒါတွေဟာ တန်ဖိုးထားအပ်တဲ့အရာလို့ မြင်မိအောင် ကျနော်တို့ ဖန်တီးမှရမယ်။ ဒါမှမဟုတ်ရင် သူတို့ဘာလို့ ရက်ရက်စက်စက်ကျူးလွန်ဖို့ စိတ်ဆန္ဒပေါ်ပေါက်လဲဆိုတော့ သူတို့ တန်ဖိုးမထားလို့လေ။ ဒါကငါတို့တန်ဖိုးထားအပ်တဲ့အရာမဟုတ်ဘူး။ ငါတို့လိုသလို ဖျက်စီးလို့ရတယ်ဆိုတဲ့ အတွေးမျိုးတွေရှိနေသေးသရွေ့ ကျနော်တို့ ဒါတွေဆက်ကျူးလွန်နေအုံးမှာပဲ။ ပြစ်ဒဏ်လည်းသူတို့ကြောက်မှာ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ကျနော်တို့ လူမှုအဝန်းအဝိုင်းရဲ့တန်ဖိုးကို ပြန်မြှင့်ပေးဖို့လိုတယ်” ဟု မွန်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုကြည်ဇော်လွင်က ပြောသည်။

    အလားတူ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းမှ အသက်သုံးနှစ်အရွယ်မိန်းကလေးငယ် Victoria (နာမည်လွှဲ) မဖွယ်မရာပြုကျင့်ခံရသည်ကို တရားမျှတမှုဖော်ဆောင်ပေးရန် ရန်ကုန်မြို့အပါအဝင် မြို့ကြီးတော်တော်များများတွင် ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပကြသည်။

    မော်လမြိုင်မြို့ရှိ Dahrah Learning Center ကျောင်းအုပ် နိုင်ပညာအောင် “မိဘတွေအနေနဲ့ပေါ့နော် ကလေးတွေကို သူတို့စကားပြောတတ်တဲ့အရွယ်ကစပြီးတော့ တစ်မျိုးပေါ့နော် ကိုယ်ကသင်ပြထားသင့်တယ်။ သက်ငယ်မုဒိမ်းရဲ့အကြောင်းရင်းက ဘယ်လိုဖြစ်တာလဲ၊ လူတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်လာရင် ဘယ်လိုရှောင်ရမလဲ၊ အဲလိုမျိုးတွေက ပွင့်ပွင့်လင်းလင်းပြောထားသင့်တယ်။ နောက်ပြီးတော့ ဒီစကားမပြောတတ်တဲ့အရွယ်၊ ပြန်မပြောတတ်တဲ့အရွယ် သုံးနှစ်အောက်ဆိုရင် မိဘတွေက မျက်ခြေမပြတ် စောင့်ကြည့်ဖို့လိုတယ်” ဟု ဆိုသည်။

    အမျိုးသမီးနှင့်ကလေးငယ်များအတွက် လုံခြုံမှုနှင့် တရားဥပဒေစိုးမိုးမှုတွင် အစိုးရဘက်က စီစဉ်ဆောင်ရွက်မှု အားနည်းနေသလို မုဒိမ်းမှုပိုမိုများပြားလာသည်ကို လူထုအသွင် Campaign လှုပ်ရှားမှုပြုလုပ်ခြင်းအားဖြင့် ဥပဒေအကြောင်းမသိရှိသေးသူများအတွက် အထောက်အကူဖြစ်နိုင်လိမ့်မည်ဟု လှုပ်ရှားမှုဦးဆောင်သူများက မျှော်လင့်နေကြသည်။

    အမျိုးသမီး နှင့်ကလေး စံပြလူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့ (Program Director) မိချယ်ရီစိုးက “သက်ငယ်မုဒိမ်းကို ကြီးလေးသောပြစ်ဒဏ်ပေးသင့်တယ်။ သေသေချာချာစဉ်းစားလိုက်မယ်ဆိုလို့ရှိရင် သက်ငယ်မုဒိမ်းက လူသတ်တာထက်ဆိုးပါတယ်။ ရှင်နေရက်နဲ့ သေရတဲ့ဘဝ ခံရတဲ့သူဘက်က အဲဒါအတွက်ကြောင့်မို့ ဒါတွေက လွယ်လွယ်ကူကူ ကိုယ့်ရဲ့စိတ်ထွက်ပေါက်တစ်ခုနဲ့ ကိုယ့်ရဲ့ဆန္ဒပြည့်ရုံလေးတစ်ခုနဲ့ တစ်ဖက်လူကို ဒီအသက်အရွယ်မပြည့်သေးတဲ့ ကလေးတွေနဲ့ မကျူးလွန်မိဖို့ပေါ့နော် အဲဒါကို တားဆီးရမှာဖြစ်တယ်” ဟု ဆိုသည်။

    ၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့က သမ္မတလက်မှတ်ရေးထိုးပြီးပြင်ဆင်လိုက်သည့် ဥပဒေအရ ၁၂ နှစ်အောက်အမျိုးသမီးငယ်များအပေါ်ကျူးလွန်လျင် သက်ငယ်မုဒိမ်းအဖြစ်အကျုံးဝင်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက် သို့မဟုတ် အနှစ် ၂ဝ အထိကျခံရမည်ဖြစ်သည်။

    မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း မြို့နယ်တရားရုံးကို ၁၃ မှု၊ ခရိုင်တရားရုံးကို ၂၃၆ မှု စုစုပေါင်း ၂၄၆ မှုကို သက်ငယ်မုဒိမ်းမှုအဖြစ်တရားစွဲတင်ပို့နိုင်ခဲ့ပြီး ယင်းအနက် ထောင်ဒဏ် ၈ နှစ်မှ ၁၀ နှစ်အထိ ၂၈ ဦး၊ ထောင်ဒဏ် ၁၁ နှစ် မှ ၂၀ နှစ်အထိ ၁၃ ဦး၊ ထောင်ဒဏ် ၂၀ နှစ်အထက် လေးဦးနှင့် သေဒဏ်တစ်ဦး စုစုပေါင်း ၄၆ ဦးကို တရားရုံးများမှ ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနစာရင်းတွင် ဖော်ပြသည်။


    Photo- မော်လမြိုင်မြို့ သက်ငယ်မုဒိမ်းမှုပပျောက်ရေးဆန္ဒဖော်ထုတ်ပွဲ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks