Tuesday, March 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးKNU ဖမ်းဆီးသွားသည့် NLD ရပ်ကျေးတစ်ဦးကိစ္စ တိုက်ရိုက်ညှိနှိုင်းနေဟု ဦးဇော်ဌေးပြော

    KNU ဖမ်းဆီးသွားသည့် NLD ရပ်ကျေးတစ်ဦးကိစ္စ တိုက်ရိုက်ညှိနှိုင်းနေဟု ဦးဇော်ဌေးပြော

    -

    မွန်သတင်းအေဂျင်စီ(ဇူလိုင် ၁၀)

    ကရင်အမျိုးသားအစည်းအရုံး KNU ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော NLD ရပ်ကျေးအလုပ်အမှုဆောင်တစ်ဦးကိစ္စကို KNU အဖွဲ့နှင့် တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ယမန်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရ ဦးဇော်ဌေးက ပြောသည်။

    ဦးဇော်ဌေးက “ဒီနေ့အစည်းအဝေးမှာ မဆွေးနွေးဘူး၊ ဒါပေမဲ့လို့ KNU နဲ့ ကျွန်တော်တို့ ဆက်သွယ်ပြီးတော့ ပြောနေတာတွေ ရှိပါတယ်၊ အဓိကတော့ စည်းမျဉ်းစည်းကမ်းတွေ တစ်ဖက်ဖက်က ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် ဖြေရှင်းရမယ့်လုပ်ငန်းစဉ်တွေ ရှိပါတယ်၊ အဲဒါနဲ့ အထူးသဖြင့်ဆိုင်တာက JMC-U, JMC-S တွေရှိပါတယ်၊ အဲဒါတွေကလည်း ယာယီရပ်ဆိုင်းထားတဲ့ အနေအထားရှိတော့ အစိုးရနဲ့ KNU တိုက်ရိုက်ဆက်သွယ်လုပ်ရမယ့် သဘောရှိပါတယ်” ဟု ဆိုသည်။

    ရန်ကုန်မြို့ NRPC တွင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KNU ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က အလွတ်သဘောတွေ့ဆုံံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ထို့အတူ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဆင့်ဆင့်ကိုလည်း KNU ဆိုင်းငံ့ထားသဖြင့် အဆိုပါဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စကို KNU ဘက်က လက်ခံဖြေကြားမည့်သူမရှိပေ။

    NLD ရပ်ကျေးအလုပ်အမှုဆောင် ဦးစောကောင်းမြတ်သည် မြေယာပိုင်ဆိုင်မှုအငြင်းပွားနေသည့်ကိစ္စကို ဇူလိုင် ၅ ရက်နေ့က တပ်မတော်၊ မြိ့နယ်မြေစာရင်းဌာနတို့နှင့်အတူ ကျိုက်မရောမြို့နယ်၊ ကျုံဘွယ်ကျေးရွာသို့ သွားရောက်၍ ရှင်းလင်းပြောဆိုခဲ့အပြီးတွင် KNU အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

    ယင်းသို့အငြင်းပွားနေသည့်မြေနေရာသည် အစိုးရချပေးထားသော မြေယာပိုင်ဆိုင်မှု အထောက်အထား ဦးစောကောင်းမြတ်ထံတွင် အပြည့်အစုံရှိသလို ၎င်းနှင့်ပြဿနာဖြစ်နေသူထံမှာလည်း KNU ထုတ်ပေးထားသည့် မြေယာပိုင်ဆိုင်မှုအထောက်အထားများ ရှိနေကြောင်း သိရသည်။


    Photo- နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရ ဦးဇော်ဌေး(RFA TV)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks