ရွှေရိုး (မော်လမြိုင်၊ ဇူလိုင် ၉)
နိုင်ငံခြားရောက်ရွှေ့ပြောင်းလုပ်သားများကဲ့သို့အလားတူ မွန်ပြည်နယ်ရှိ ရွှေ့ပြောင်းလုပ်သားများသည် ၎င်းတို့၏မူရင်းဒေသကိုယ်စားလှယ်
များကိုသာ မဲပေးခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မွန်ညီညွတ်ရေးပါတီ MUP က ဇူလိုင် ၈ ရက်နေ့တွေ့ဆုံပွဲတွင် အဆိုပြုခဲ့သည်။
မွန်ပြည်နယ်သို့ ရွှေ့ပြောင်းဝင်ရောက်လာသူများအား ရက် ၁၈၀ ပြည့်လျှင် မဲထည့်ခွင့်ရရှိရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ယင်းမဲပေးခွင့်ကို မိမိတို့ အနေဖြင့် ကန့်ကွက်စရာမရှိသည့်အပြင် ရွှေ့ပြောင်းလုပ်သားများ၏ မူရင်းဒေသရှိ ကိုယ်စားလှယ်
များကိုသာ မဲပေးခွင့်ပြုပေးစေလိုကြောင်း MUP ဗဟိုအလုပ်အမှုဆောင် နိုင်စံလှိုင်က ဆိုသည်။
နိုင်စံလှိုင်က “အခုကျွန်တော်တို့ဒေသကို ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုလည်း သူ့မူရင်းဇာတိဒေသက ကိုယ်စားလှယ်တွေကိုပဲ ဒီကနေမဲပေးရမှာ ဖြစ်သင့်တယ်။ အဲဒါကို UEC အနေနဲ့ တကယ့် စိစိစစ်စစ်လုပ်ပြီးတော့ သူတို့ပေးလိုက်တဲ့မဲကို သူတို့မူရင်းဒေသကို ပို့ပေးဖို့ လိုပါတယ်။ အဲဒါကဘာလဲဆိုတော့ နိုင်ငံခြားရောက်နေတဲ့ရွှေ့ပြောင်းလုပ်သားတွေ လုပ်ရိုးလုပ်စဉ် လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဖြစ်ပါတယ်။ ဒါကိုဆောင်ရွက်ပေးစေချင်ပါတယ်”ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားများ မဲပေးရမည့်ကိုယ်စားလှယ်ကို ခွဲခြားရန်လိုအပ်သည်မှာ ၎င်းတို့အကျိုးစီးပွားအတွက်လည်းကောင်း၊ ဒေသအကျိုးစီးပွားအတွက်လည်းကောင်း၊ ကိုယ်စားလှယ်အကျိုးစီးပွားအတွက်လည်းကောင်း ထည့်တွက်ပြီး ရွှေ့ပြောင်းလုပ်သားများ၏ မဲပေးခွင့်ကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
သို့ရာတွင် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဟိန်းလင်းထက်က “ကျွန်တော်တို့ ရွေးကောက်ပွဲအတွက် မဲစာရင်းအတွက် လုပ်ထားရင်တော့ ခုနက ပြောတဲ့ ရွှေ့ပြောင်းအနေအထားပေါ်မူတည်ပြီးတော့ ၃ (က)နဲ့ လျှောက်မှာလား။ ယခင်က နေရာမှာ ရှိခဲ့သလား စသည်အားဖြင့် ဒေတာအချက်အလက်တွေ ပါတယ်။ ဘယ်နေရာမှာ သန်ခေါင်စာရင်းရှိသလဲ။ ဘယ်နေရာ ပုံစံ ၆၆/၆ ဘယ်မြို့နယ်မှာ ရှိနေသလဲ။ သူက ဒီမြို့နယ်မှာ မဲပေးမယ်ဆိုရင် ၃ (က) နဲ့ ကိုယ်တိုင်ဆန္ဒပြုပြီးတော့ လျှောက်ရမယ်။ အဲဒီအခါ ၃ (ခ) နဲ့ ဟိုဘက်က မဲစာရင်းကို ကျွန်တော်တို့ ဖျက်လိုက်ရမယ်”ဟု ဦးဟိဏ်လင်းထက်က ပြောသည်။
နိုင်ငံခြားရောက် တရားဝင်ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံခြားသံရုံးကို ဆက်သွယ်ပြီး မဲပေးနိုင်စေရန် စီစဉ်ပေးထားကာ တရားမဝင် ရွှေ့ပြောင်းလုပ်သားများက မိမိဒေသသို့ ပြန်လာပြီး မဲပေးရမည်ဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန်အတွက် ပြည့်စုံစွာ ဆောင်ရွက်ပေးထားပြီး မဲပေးခြင်း၊ မပေးခြင်းကို မဲဆန္ဒရှင်ပြည်သူနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။
မွန်ပြည်နယ်အတွင်း ၂၀၁၀ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ၁၀ သိန်း ၁ သောင်း ၆ ထောင်ကျော်ရှိခဲ့ရာမှ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်ရှိလာသည့်အတွက် ၅ နှစ်ကာလအတွင်း မဲပေးပိုင်ခွင့်ရှိသူ ၅ သိန်းကျော် ၅၀% ရာခိုင်နှုန်းတိုးလာကြောင်း၊ အများစုမှာ မွန်ပြည်နယ်အတွင်းသို့ ရွေ့ပြောင်းဝင်ရောက်လာသူ အခြားတိုင်းရင်းသားများသာဖြစ်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။
မွန်ပြည်နယ်ရှိ ရွှေ့ပြောင်းလုပ်သားများအား ၎င်းတို့၏မူရင်းဒေသကိုယ်စားလှယ်များကိုသာ မဲပေးခွင့်ပြုရန် MUP ပါတီအဆိုပြု
-