spot_img
Monday, February 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကောက်ယူမိသောဗုံးသီးဟောင်းပေါက်ကွဲသဖြင့် ခြေနှစ်ဖက်ဆုံးရှုံးသည့်အပြင် ထောင်ဒဏ်သုံးလလည်းချမှတ်ခံရ

    ကောက်ယူမိသောဗုံးသီးဟောင်းပေါက်ကွဲသဖြင့် ခြေနှစ်ဖက်ဆုံးရှုံးသည့်အပြင် ထောင်ဒဏ်သုံးလလည်းချမှတ်ခံရ

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ ဇူလိုင် ၉)

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးကျေးရွာရှိ ရာဘာခြံတစ်ခုတွင် လွန်ခဲ့သည့်ဇန်နဝါရီလအတွင်းက ကောက်ယူမိသောမော်တာဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲရာမှ ခြေနှစ်ဖက်စလုံးဆုံးရှုံးသည့်အပြင် ထောင်ဒဏ်သုံးလလည်းချမှတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

    ခြေနှစ်ဖက်ဆုံးရှုံးသွားသူ မောင်ရန်နိုင်အောင် (အသက် ၁၉ နှစ်) ကို ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် လက်နက်ပေါ့ဆမှုဖြင့် သံဖြူဇရပ်မြို့နယ်တရားရုံးမှ ထောင်ဒဏ် (၃) လ ချမှတ်လိုက်ကြောင်း ၎င်း၏ ဖခင်ဖြစ်သူ ဦးဝင်းအောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “နောင်လာနောင်သားတွေလည်း ကျွန်တော့်သားလိုဖြစ်မှာ တအားကြောက်တာ၊ ဘာလို့လဲဆိုတော့ ဒီပစ္စည်းက ကျွန်တော်တို့ပြည်သူလူထုကို ပေးထားတဲ့ပစ္စည်းမှ မဟုတ်တာ မတော်တဆ မသိလို့ ကိုယ့်ဘဝ ကိုယ်အပျက်ခံပြီး ထောင်ကျခံရတယ်ဆိုတော့ နောင်လာနောင်သားသမီးတွေလည်း ဒီလိုဖြစ်မယ်ဆိုရင် ဒီလိုပုဒ်မကြီးကိုတပ်မှာကြောက်တယ်” ဟု ၎င်းက ဆက်ပြောသည်။

    လက်ရှိတွင် မောင်ရန်နိုင်အောင်မှာ ဒူးဆစ်အထက် ခြေနှစ်ဖက်ဆုံးရှုံးသွားပြီး ဆေးရုံတက်စဉ်ကလည်း မိမိတို့စရိတ်ဖြင့်သာ ကုသခဲ့ရကြောင်း၊ ထောင်ဒဏ် (၃) လ ချမှတ်ခံရခြင်းအတွက် အယူခံအဆင့်ဆင့်တက်လိုသော်လည်း မိမိအနေဖြင့် မည်သို့ပြုလုပ်ရမည်ကို မသိသဖြင့် အခက်အခဲတွေ့နေကြောင်း ဦးဝင်းအောင်က ဆိုသည်။

    “ဒီခြံထဲမှာ ဒီလိုလက်နက်မျိုးရှိပါတယ်၊ တွေ့ရှိပါက သက်ဆိုင်ရာကို အပ်ရမယ်လို့ ကျွန်တော်တို့ဆီမှာ ဘယ်သူကမှ စာရွက်ပေးထားတာ မရှိဘူး၊ ကျွန်တော်တို့က မရှိလို့လာလုပ်စားတာ ဒါမျိုးရှိမယ်ဆိုရင် ကျွန်တော်တို့ဘဝ အပျက်ခံပြီးတော့ ရာဘာအစေးခြစ်မစားဘူး” ဟု ၎င်းက ဆိုသည်။

    အယူခံဝင်ရန် အကယ်၍ ကာယကံရှင်ဘက်မှ လာရောက်အကူညီတောင်းခံပါက မော်လမြိုင် Justice Center မှ ကူညီပေးမည်ဖြစ်ပြီး လက်ရှိတွင် အမှုအခြေအနေအသေးစိတ်ကို မသိရသေးသည့်အတွက် ထင်မြင်ချက်မပေးလိုကြောင်း Program Manager ရှေ့နေဦးသူရိန်သီးက ပြောသည်။

    “အခု သူကထောင်သုံးလဆိုတဲ့အခါကျတော့ ကျွန်တော်တို့ဆီအခုထက်ထိ မရောက်သေးဘူး၊ ရောက်မယ်ဆိုရင် စာရေးမှာနဲ့ တင်မှာနဲ့ ဆိုတဲ့အခါကျတော့ သုံးလမကဘူး။ အမိန့်ချတဲ့အခါ လွှတ်ဆိုရင်တောင် လွတ်ချင်လွတ်နေပြီ အဲလိုလည်း ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

    ဖြစ်စဉ်မှာ ဝဲကလိကျေးရွာနေ ရန်နိုင်အောင်သည် ဖခင်နှင့်အတူ အတွင်းစခန်းကြီးကျေးရွာရာဘာခြံတစ်ခု၌ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၁၀၃၀ နာရီခန့်တွင် ရာဘာအစေးများလိုက်လံသိမ်းဆည်းစဉ် မြေကြီးမှာ စိုက်ဝင်နေသည့် အရှည် ၁ ပေခန့်ရှိ မော်တာဗုံးသီးဟောင်းတစ်လုံးကိုတွေ့ရှိ၍ တဲအရှေ့သို့ ယူဆောင်လာပြီး ပစ်ချမိရာ ပေါက်ကွဲခဲ့သဖြင့် ၎င်း၏ဝဲ/ယာ ခြေမျက်စိအထက် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး သံဖြူဇရပ်မြို့မ ရဲစခန်းက ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ပေါ့လျော့စွာကိုင်တွယ်မှု။ (ပ) ၂၁ဝ/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

    ယင်းသို့ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများတွေ့ရှိပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်မသိရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ဝဲကလိကျေးရွာတွင် တပ်မတော်လေ့ကျင့်ရေးကျောင်းရှိသော်လည်း ပေါက်ကွဲမှု ဖြစ်သည့်နေရာနှင့် ဝေးကွာနေသည့်အတွက် မည်သည့်အချိန်က မည်သူ့ပစ္စည်းဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း စတင်အမှုဖွင့်သည့်ကာလ၌ သံဖြူဇရပ်မြို့မ စခန်းမှူးက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။


    Photo-ခြေထောက်နှစ်ဖက်ဆုံးရှုံးခံရသူ မောင်ရန်နိုင်အောင်နှင့်
    ထောက်ပံ့လှူဒါန်းသူများ (SNJN)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks