spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းတရားဝင်လူသွားလမ်းသတ်မှတ်ပေးဖို့ မော်လမြိုင်မြေနီကုန်း ရပ်ကွက်သားများတောင်းဆို

    တရားဝင်လူသွားလမ်းသတ်မှတ်ပေးဖို့ မော်လမြိုင်မြေနီကုန်း ရပ်ကွက်သားများတောင်းဆို

    -

    စန္ဒာဉာဏ် (မော်လမြိုင်၊ ဇူလိုင် ၈)

    မွန်ပြည်နယ်၊ မော်လမြိုင် မြေနီကုန်းရပ်ကွက်တွင် မီးရထားဘူတာကြီး အသစ်တည်ဆောက်လိုက်သဖြင့် မူလကတည်းကရှိခဲ့သည့် လူသွားလမ်းများပျောက်ကွယ်သွားသည့်အတွက် တရားဝင်လမ်းအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရပ်ကွက်သားများက တောင်းဆိုနေကြသည်။

    မြို့နယ်စည်ပင်တွင် မြေနီကုန်းရပ်ကွက်အပိုင် မင်းကြီးလမ်းဟု တရားဝင်အမည်ပေါက်နေပြီး ရပ်ကွက်စတည်ကတည်းကရှိနေကာ လွန်ခဲ့သော ၁၀ နှစ်ကျော်မှစ၍ မော်လမြိုင်ဘူတာစီမံကိန်းကြောင့် တရားမဝင်လမ်းကူးအလိုလိုဖြစ်သွားပြီး လမ်းခင်းခွင့်မရခဲ့ကြောင်း ရပ်ကွက်သားများက ဆိုသည်။

    “တရားဝင်လမ်းဖြစ်ချင်တာပေါ့ သို့ပေမယ့် ဘူတာဝင်းကို ဖြတ်နေရတဲ့အတွက်ကြောင့် တရားဝင်လမ်း မဖြစ်နိုင်ဘူးဆိုရင်လည်း အဆင်ပြေအောင် သွားလာလို့ရရင်လည်း ကျွန်တော်တို့က ကျေနပ်ပါတယ်၊ မယုံရင်သွားကြည့်နိုင်တယ် ရပ်ကွက်အုပ်စုပတ်ပတ်လည်နောက်မှာ လယ်နဲ့ချောင်းပဲရှိတယ် ဘယ်ကိုမှ ဆက်သွယ်တဲ့လမ်းတစ်ကြောင်းတောင်မရှိဘူး လူသွားလမ်းတောင်မရှိဘူး၊ ဘယ်လိုမှ တခြားဘက်ထွက်လို့မရဘူး ဒီတစ်လမ်းပဲသွားနေရတယ် အဲလိုဖြစ်နေတယ် ” ဟု မြေနီကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောသည်။

    သို့ရာတွင် အဆိုပါလမ်းသည် ရထားလမ်းခြောက်ခုကို ဖြတ်သန်းနေရပြီး ရထားတွဲချိန်းသည့်နေရာ ဖြစ်သောကြောင့် အန္တရာယ်များသဖြင့် တရားဝင်လမ်းကူးအဖြစ်ခွင့်ပြုပေးရန် အခက်အခဲရှိသည်ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “လွှတ်တော်ကိုယ်စားလှယ်ကြီးကလည်း ပြောတယ်ပေါ့နော် ဒီလမ်းက တရားဝင်လမ်းမဟုတ်ဘူးဆိုတာ အကုန်လုံးလည်းသိတယ်၊ ဒါပေမယ့် လောလောဆယ်မှာ တခြားထွက်ပေါက်လည်းမရှိတော့ တရားမဝင်လမ်းအနေနဲ့ပဲ ပြုပြင်ပေးဖို့အပိုင်းပေါ့ ပြုပြင်ပေးတဲ့အချိန်မှာ လိုအပ်တဲ့ ဘိလပ်မြေဘာညာကို ပြည်နယ်ကနေပြီးတော့ တောင်းခံပေးမယ် ကျွန်တော်တို့ဌာနဘက်က နည်းပညာဝိုင်းဝန်းပံ့ပိုးပေးဖို့ဆိုပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားတာရှိပါတယ် အဲဒီအပေါ်မှာ ကျွန်တော်တို့ကလည်း အထက်အဆင့်ဆင့်ကို တင်ပြသွားမှာပါ” ဟု မြန်မာ့မီးရထားတိုင်းအမှတ်(၈)သွားလာရေးဌာန၊ မန်နေဂျာ ဦးအောင်ဇော်မြင့် ကပြောသည်။

    လမ်းခင်းပေးရန် ဒေသခံများက ပြည်ထောင်စုအစိုးရထံ တင်ပြထားသော်လည်း တရားမဝင်လမ်းဖြစ်နေသည့်အတွက် မီးရထားဝန်ကြီးဌာနမှ ဘက်ဂျက်ချပေးရန် အခက်အခဲရှိနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

    “ကျွန်တော်တို့ပြည်နယ်မှာလည်း အဲလောက်ဘက်ဂျက်အများကြီးက အခက်အခဲရှိနိုင်တယ် ကျွန်တော်စဉ်းစားတာကတော့ ပြည်ထောင်စုက တစ်ဝက်လောက်ထည့် ပြည်နယ်ရန်ပုံငွေက တစ်ဝက်လောက်ထည့်ပြီးလုပ်မယ်ဆိုရင် ဖြစ်နိုင်တယ် အဲဒီနည်းလမ်းသုံးပြီး ခုံးကျော်လုပ်လိုက်ရင်တော့ ကျွန်တော်တို့မြို့ရဲ့ အရှေ့အနောက် မိန်းလမ်းလည်းဖြစ်သွားမယ်လေ” ဟု ၎င်းက ဆိုသည်။

    မြေနီကုန်းရပ်ကွက်တွင် အိမ်ခြေ ၅၀၀ ကျော်ရှိပြီး မြို့ရှောင်လမ်းဘက်ကိုသွားရာတွင် အဆိုပါလမ်းသည် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည့်အပြင် လမ်းအလွန်ကြမ်းသဖြင့် ရပ်ကွက်နေပြည်သူတွေ အခက်အခဲတွေ့နေကြောင်း သိရသည်။

    ဘူတာဝင်းကို ဖြတ်သွားသော အဆိုပါလမ်းကို တရားဝင်လမ်းအဖြစ်သတ်မှတ်ပြီး လမ်းအချောခင်းပေးရန် ရပ်ကွက်နေပြည်သူများမှ မြို့နယ်၊ ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရအဆင့်ထိ ၁ဝ ကြိမ်ခန့်တင်ပြထားသော်လည်း ထူးခြားမှုမရှိသေးပေ။

    မွန်ပြည်နယ် သိမ်ဇရပ်မှ တနင်္သာရီတိုင်း ထားဝယ်အထိ ရထားလမ်းတစ်လျှောက်တွင် တရားမဝင်မီးရထားလမ်းကူး ၂၁၆ ခု ရှိကြောင်း မြန်မာ့မီးရထားတိုင်းအမှတ်(၈)သွားလာရေးဌာန ထံမှသိရသည်။


    Photo- မြေနီကုန်းရပ်ကွက်ရှိ မင်းကြီးလမ်း(MNA)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks