spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလုပ်ငန်းအကောင်ထည်မဖော်သည့်ကုမ္ပဏီများအား သက်တမ်းတိုးခွင့်မပြုသင့်ဟုဆို

    လုပ်ငန်းအကောင်ထည်မဖော်သည့်ကုမ္ပဏီများအား သက်တမ်းတိုးခွင့်မပြုသင့်ဟုဆို

    -

    စန္ဒာဉာဏ်(မော်လမြိုင်-ဇူလိုင် ၃)

    မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ ခွင့်ပြုချက်ရရှိထားပြီးသော်လည်း လုပ်ငန်းအကောင်ထည်မဖော်သည့် ကုမ္ပဏီများအား လိုင်စင်သက်တမ်းတိုးခွင့်မပြုသင့်ကြောင်း မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

    ဦးအောင်ကျော်သူက “ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ သူက လိုင်စင်ရပြီးတာနဲ့ ချက်ချင်းအကောင်ထည်ဖော်တယ် ဆောက်နေရင်းတန်းလန်းမှ စက်ရုံပြီးခါနီးမှ အဲဒီအချိန်မှာမှ မပြီးသေးလို့ သုံးနှစ်ပြည့်သွားလို့ သက်တမ်းသွားတိုးရင် ခွင့်ပြုသင့်တယ်လို့ ကျွန်တော်ကမြင်တယ် အခုက လိုင်စင်လည်းယူထားတယ် ဘာမှလည်းမြေပြင်မှာ မလုပ်ဘူး အဲဒီမလုပ်တဲ့လူကို တစ်ခါသက်တမ်းထပ်တိုးပေးမယ်ဆိုရင် ဒါကအဓိပ္ပါယ်မရှိဘူး” ဟု ဆိုသည်။

    ပျားတောင်ဒေသတွင် အခြေစိုက်သော Myanmar-Korea Cement Group (ဇေကမ္ဘာကုမ္ပဏီ) ၏ ဘိလပ်မြေစက်ရုံစီမံကိန်းသည် မြေပြင်တွင် လုပ်ငန်းအကောင်ထည်မဖော်ဘဲ သက်တမ်းတိုးခွင့်ရနေသည်မှာ မဖြစ်သင့်ကြောင်း ဇူလိုင်လ ၁ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဝမ်းကျေးရွာ၌ ကျင်းပခဲ့သော ပျားတောင်ဒေသတောင်သူလယ်သမားစကားဝိုင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေအရ MIC မှ ခွင့်ပြုချက်ရပြီးသည်နှင့် တည်ဆောက်ရေးကာလ ၃ နှစ်ခွင့်ပြုကြောင်း၊ အကယ်၍ တည်ဆောက်ရေးလုပ်ငန်းများ မပြီးသေးပါက အကြောင်းပြချက်ခိုင်လုံလျှင် နောက်ထပ် ၁ နှစ်ခွဲကာလ နှစ်ကြိမ် တောင်းခံခွင့်ရှိသောကြောင့် စုစုပေါင်း တည်ဆောက်ရေးကာလ ၆ နှစ်ရှိသည်ဟု အဆိုပါဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးကပြောသည်။

    ဦးမင်းသိန်းဦးက “ကျွန်တော်တို့က ပြန်ကြည့်ရင်လည်း အားရလောက်တဲ့ အနေအထားမရှိဘူး။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူရဲ့ အခွင့်အရေးဖြစ်တဲ့ တည်ဆောက်ရေးကာလက မကုန်သေးဘူး။ ကျွန်တော်တို့က ကြီးကြပ်လို့ပဲရတယ် ဘာလို့လဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သလို ရင်းနှီးမြှုပ်နှံမှုဥပဒေအရ သူ့မှာအခွင့်အရေးရှိတယ်။ သူ့ဘက်ကလည်း အကြောင်းပြချက်ခိုင်လုံတယ် ကျွန်တော်တို့က အကြောင်းပြချက် မခိုင်လုံဘဲ သွားရပ်ပစ်လိုက်မယ်ဆိုရင် ကျွန်တော်တို့လျော်ရမယ်” ဟု ဆက်ပြောသည်။

    June Cement Industry Limited မှ တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု ၁၅ ရာခိုင်နှုန်းရှိပြီး Myanmar-Korea Cement Group (ဇေကမ္ဘာကုမ္ပဏီ) မှ ၁ဝ ရာခိုင်နှုန်း တည်ဆောက်ပြီးပြီဖြစ်ကြောင်း၊ ကုမ္ပဏီများဘက်မှ တည်ဆောက်ရေးနှင့် အခြားအခက်အခဲများရှိနေသောကြောင့် နောက်ကျရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

    လက်ရှိတွင် ပျားတောင်ဒေသ၌ MCL ဘိလပ်မြေစက်ရုံမှ စီးပွားဖြစ်လုပ်ငန်းလည်ပတ်နေပြီး June Cement Industry Limited သည် ၂ဝ၁၆ ခုနှစ်တွင်လည်းကောင်း၊ Myanmar-Korea Cement Group (ဇေကမ္ဘာကုမ္ပဏီ) သည် ၂ဝ၁၇ ခုနှစ်တွင်လည်းကောင်း MIC မှ ခွင့်ပြုချက်ရထားပြီး လုပ်ငန်းလည်ပတ်ခြင်းမရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးထံမှ သိရသည်။

    မွန်ပြည်နယ်တွင် ယနေ့ထိ MIC မှ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှု ၆၃ ခုရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၃ ခု (ရင်းနှီးမြှုပ်နံှမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၅,၇ဝဝ ကျော်) နှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၃ဝ (ရင်းနှီးမြှုပ်နံှမှုပမာဏ ကျပ် သန်း ၇၆၉,၀၀၀ ကျော်) ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks