spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းကျောက်မီးသွေးသုံးလျှပ်စစ်ခွင့်ပြုချက်ရရှိပါက June ဘိလပ်မြေစက်ရုံအကောင်အထည်ဖော်မည်

    ကျောက်မီးသွေးသုံးလျှပ်စစ်ခွင့်ပြုချက်ရရှိပါက June ဘိလပ်မြေစက်ရုံအကောင်အထည်ဖော်မည်

    -

    စန္ဒာဉာဏ် (မော်လမြိုင်၊ ဇွန် ၁၆)

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရေးအတွက် June Cement Industry Limited အနေဖြင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ထံမှ ခွင့်ပြုမိန့်ရထားပြီးဖြစ်သော်လည်း ပြည်ထောင်စုအစိုးရထံမှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် ခွင့်ပြုမိန့်မရသေးသဖြင့် လုပ်ငန်းအကောင်အထည်မဖော်သေးဟု ကုမ္ပဏီတာဝန်ရှိသူထံမှ သိရသည်။

    ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာအနီး ပျားတောင်ဒေသ၌ အခြေစိုက်သော ယင်းကုမ္ပဏီသည် လျှပ်စစ်ဓာတ်အားအတွက် ၁၅ မဂ္ဂါဝပ် ကျောက်မီးသွေးဓာတ်အားပေးစက် ၂ လုံး အသုံးပြုမည်ဟု ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ကျွန်တော်တို့က ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအတွက် ပြည်ထောင်စုအစိုးရဆီကို ခွင့်ပြုမိန့်တင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားစက်ရုံတွေ ဆောင်ရွက်တဲ့အခါမှာ ဒီခွင့်ပြုမိန့်မပါလို့ဆိုပြီးတော့ ပြဿနာနည်းနည်းလေး လွှတ်တော်တွေမှာ ရှိဖူးတယ်လို့ ကျွန်တော်တို့ ကြားရပါတယ်။ လောလောဆယ်ကတော့ ပြည်ထောင်စုအစိုးရကနေ ခွင့်ပြုမိန့်မကျသေးတော့ ဒါတွေကျွန်တော်တို့ ပြောလို့မရသေးဘူး” ကုမ္ပဏီ၏ စီမံကိန်းဒါရိုက်တာ ဦးတင်ဦးကပြောသည်။

    အဆိုပါ ဘိလပ်မြေစက်ရုံစီမံကိန်း ကနဦးပတ်ဝန်းကျင်လေ့လာဆန်းစစ်ခြင်းအတွက် အများပြည်သူသဘောထားရယူသည့် အခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့က ကျိုက်မရောမြို့နယ် မယ်ဂရိုကျေးရွာတွင် ကျင်းပစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ကျောက်မီးသွေးလို့ ပြောလိုက်တာနဲ့ အားလုံးက Negative Sense အဆိုးဘက်က အများအားဖြင့် မြင်ကြပါတယ်။ ကျွန်တော်တို့လုပ်တဲ့အခါမှာ အရမ်းမဲ့လုပ်လို့မရပါဘူး။ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အငွေ့ထုတ်လွှတ်မှုဆိုတဲ့ နိုင်ငံတော်က ထုတ်ထားတဲ့ လမ်းညွှန်ချက်စာအုပ်ရှိပါတယ်။ ဒီလမ်းညွှန်ချက်ထဲမှာ လုပ်ငန်းတစ်ခုချင်း တစ်ခုချင်းမှာ အငွေ့အဲလောက်ပဲထွက်ရမယ် အဲဒီထက်ပိုထွက်လို့ရှိရင် လုပ်ငန်းပိတ်သိမ်းတဲ့အဆင့်ထိ အရေးယူမယ်ဆိုတာ ဒီထဲမှာပါပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    အခမ်းအနားတွင် ကုမ္ပဏီမှ ဆိပ်ခံတံတားတည်ဆောက်ခြင်း၊ တူးမြောင်းဖောက်လုပ်ခြင်း၊ ဂဝံကျောက်ထုတ်လုပ်ခြင်းနှင့် ရွှံ့စေးမြေတူးဖော်ခြင်းလုပ်ငန်းများကိုသာတင်ပြပြီး ကျောက်မီးသွေးစွမ်းအင်သုံးလည်ပတ်မည်ကို ထိန်ချန်ထားကာ မိမိဘက်ကမေးမြန်းမှသာ ပြန်ဖြေသည်ဟု မယ်ကရိုကျေးရွာနေ ပျားတောင်ဒေသလူမှုဖွံ့ဖြိုးရေးအဖွဲ့ဝင် နိုင်ရွှေဝင်းက ပြောသည်။

    “သူတို့ ကျောက်မီးသွေးသုံးစွဲမယ်ဆိုတာ ပြည်သူတွေကို မပြောခဲ့ပေမယ့် အခုထုတ်ပြောလာပြီ။ လောလောဆယ် တခြားစွမ်းအင်မရသေးလို့ ကျောက်မီးသွေးသုံးရပါတယ်လို့ အကြောင်းပြတယ်။ ကျောက်မီးသွေးသုံးရင် ပြည်သူတွေ ကန့်ကွက်မှန်းသိလို့ ဒါကို ဖုံးကွယ်ထားတာ” ဟု ၎င်းကဆက်ပြောသည်။

    လက်ရှိတွင် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှ ကျောက်မီးသွေးစွမ်းအင်ဖြင့် လည်ပတ်လျက်ရှိရာ ကျိုက်ခမီပင်လယ်ဝ-သံလွင်-အတ္ထရံမြစ်ကြောင်းမှတစ်ဆင့် ၎င်းတို့၏ ကုန်တင်သင်္ဘောများ ဝင်ထွက်သွားလာနေပြီး June ကုမ္ပဏီမှာလည်း ထိုနည်းအတိုင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်သောကြောင့်
    အတ္တရံ မြစ်ကြောင်းပိုမိုပျက်စီးလာမည်ကို စိုးရိမ်မိသည်ဟု နိုင်ရွှေဝင်းက ဆိုသည်။

    မိုးတွင်းကာလ ရေများချိန်တွင် ကျောက်မီးသွေးတင်သင်္ဘောကြီးများ အတ္တရံမြစ်အတွင်းဖြတ်သန်းသွားလာမှုကြောင့် လှိုင်းပုတ်ဒဏ်ကြောင့် မြေသားများနိမ့်ဆင်းကာ ကမ်းနံဘေးရှိနေအိမ်အချို့၌ အိမ်နံရံကွဲအက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

    ဘိလပ်မြေကုန်ကြမ်းအတွက် ပျားတောင်မှ ထုံးကျောက်ထုတ်ယူခွင့်ကို အတ္ထရံမြစ်တောင်ဘက်ခြမ်း၌ Myanmar-Korea Cement Group (ဇေကမ္ဘာကုမ္ပဏီ)၊ မြောက်ဘက်ခြမ်းတွင် MCL နှင့် June တို့အား အသီးသီးခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

    June ဘိလပ်မြေကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၄၇၁ သန်းရင်းနှီးမြှုပ်နှံထားပြီး တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅ဝဝဝ ထုတ်လုပ်မည်ဟု ဆိုသည်။

    Photo- ထုံးကျောက်တူးဖော်လျက်ရှိသော ပျားတောင်တစ်နေရာ(MNA)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks