spot_img
Monday, February 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအစိုးရ၏ငြိမ်းချမ်းရေးအဆိုပြုချက် ၄ ရပ်ကို တိုင်းရင်းသားလက်နက်ကိုင်များ အလေးထားဆွေးနွေးသွားမည်

    အစိုးရ၏ငြိမ်းချမ်းရေးအဆိုပြုချက် ၄ ရပ်ကို တိုင်းရင်းသားလက်နက်ကိုင်များ အလေးထားဆွေးနွေးသွားမည်

    -

    မွန်သတင်းအေဂျင်စီ(ဇွန် ၁၄)

    နှစ်ရက်တာကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးများ အလွတ်သဘောဆွေးနွေးပွဲ၌ အစိုးရ၏ငြိမ်းချမ်းရေးအဆိုပြုချက် ၄ ရပ်ကို ယူဆောင်သွားပြီး မိမိတို့တိုင်းရင်းသားလက်နက်ကိုင် EAO အစုအဖွဲ့ကြား အလေးထား အရေးတယူ ဆွေးနွေးသွားမည်ဟု EAO အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ယနေ့တွင် ပြောကြားလိုက်သည်။

    “ပြီးတာနဲ့ အစိုးရ၊ နိုင်ငံရေးပါတီတို့အစုအဖွဲ့တို့နဲ့ အမြန်ဆုံးအလွတ်သဘော တွေ့ဆုံကာ ထပ်မံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းစီစဉ်သွားမှာဖြစ်ပါတယ်၊ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ ဆွေးနွေးချက်တွေကို ကျနော်တို့အနေနဲ့ အလေးအနက်ထားပါတယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အားလုံးအကောင်းဆုံးဖြစ်အောင် ကျနော်တို့ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု ဆွေးနွေးပွဲအပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

    တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားရေးအတွက် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး အစိုးရနှင့်အမြန်ဆုံး အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်သွားရန်ရှိပြီး ထိုမှတဆင့်ပြီးတဆင့် ဆွေးနွေးမှုရလဒ်အပေါ်မူတည်၍ တရားဝင်ဆွေးနွေးပွဲများကို တက်လှမ်းသွားရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

    နိုင်ငံရေးပါတီအစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က “ အစိုးရဘက်က အဆိုပြုချက် ၄ ရပ်ကတော့ တစ်အချက် NCA အကောင်အထည်ဖော်နေတဲ့ကိစ္စတွေ ဘယ်ရောက်နေပြီလဲ NCA မှာပါတဲ့စကားရပ်တွေ ဟိုဘက်ဒီဘက်အဓိပ္ပါယ်တူညီသလား မတူညီရင်ဘယ်လိုလုပ်ကြမလဲ ၊ နံပါတ်နှစ် လုပ်ငန်းစဉ်က ဖက်ဒရယ်အခြေခံမူပေါ့၊ ကျနော်တို့တကယ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင်တော့ ဘယ်လိုအခြေခံမူတွေ လုပ်ငန်းစဉ်တွေပါဝင်မလဲ၊ သုံးအချက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ၂၀၂၀ မတိုင်ခင်ဘယ်အဆင့်ထိလုပ်နိုင်မလဲ ပြီးရင် ၂၀၂၀ အလွန်မှာ မပြီးပြတ်သေးတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အာမခံချက်ရှိရှိ ဘယ်လိုဆက်လုပ်သွားနိုင်မယ့်ကိစ္စကို ဆွေးနွေးကြမယ်၊ နောက်ဆုံးအချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပြောပြောနေတဲ့ ကြားကာလအစီအစဉ်တွေပေါ့ဗျာ၊ NCA လက်မှတ်ထိုးပြီးတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ သက်ဆိုင်ရာဒေသတွေမှာ ပြည်သူနဲ့တွေ့ဆုံမှုတွေ၊ ဖွံ့ဖြိုးရေးကိစ္စတွေ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာ ဆွေးနွေးကြမယ်” ဟု ဆိုသည်။

    တဖက်တွင်လည်း ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ဖြစ်ပေါ်လာမည့်အစိုးရသည် လက်ရှိအစိုရလည်းဖြစ်နိုင်သလို နိုင်ငံရေးပါတီများမှဖြစ်ပေါ်လာသောကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍက အလွန်အရေးကြီးကြောင်း စိုင်းကျော်ညွန့်က ပြောသည်။

    အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက “ကောင်းတာကတော့ ကျနော်တို့အချင်းချင်း တော်တော့ကိုပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်တဲ့အတွက် မနေ့ကတစ်နေ့လုံး ကျနော်တို့ရှင်းနိုင်ခဲ့တယ်၊ ညနေပိုင်းနဲ့ ဒီမနက်မှာတော့ ဆက်လက်ဆောင်ရွက်ရမယ့်အပိုင်းတွေကို ဆွေးနွေးနိုင်ခဲ့တယ်၊ အဲဒီတော့ ဒီဘက်မှာတော့ ကျနော်တို့လုပ်စရာရှိတာကို တပြိုင်နက်တည်းလုပ်နေမယ်၊ နောက်တစ်ကြိမ်ဆွေးနွေးပွဲ ကိုတော့ ဇူလိုင်လထဲမှာ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တာပေါ့နော်၊ အဲဒါပြီးရင်တော့လည်း ပုံမှန်လုပ်ငန်းစဉ်တွေ Formal Meeting တွေပြန်စနိုင်ပြီးတော့ လုပ်နေကျပုံမှန် UPDJC အစည်းဝေးတွေ ခေါ်နိုင်မယ်၊ ပြီးရင်တော့လည်း ညီလာခံကို ကျနော်တို့ ဆောင်ရွက်နိုင်မယ်” ဟု ဆိုသည်။

    ယခု ကျင်းပခဲ့သည့် UPDJC အတွင်းရေးမှူးများ အလွတ်သဘောဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ NRPC ရုံး၌ ကျင်းပခဲ့ရာတွင် အစိုးရ(အစိုးရ၊လွှတ်တော်၊ တပ်မတော်) အစုအဖွဲ့ ၁၀ ဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့ ၁၀ ဦးနှင့် KNU အဖွဲ့မတက်ရောက်နိုင်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ၉ ဦးသာ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ကရင့်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီဆိုင်းငံ့ထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းမှတဆင့် ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်တန့်ခဲ့ကြောင်း တွေ့ရှိရသည်။


    Photo- UPDJC အတွင်းရေးမှူးများ အလွတ်သဘောဆွေးနွေးပွဲ
    (Hla Mg Shwe)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks