spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းကို ဝန်ကြီးတစ်ဦး ပြန်လည်မဖြေကြားနိုင်

    မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းကို ဝန်ကြီးတစ်ဦး ပြန်လည်မဖြေကြားနိုင်

    -

    ရွှေရိုး(မော်လမြိုင်၊ ဇွန် ၁၄)

    ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ ဘီးလင်းမြစ်ရေအန္တရာယ်နှင့်ပတ်သက်သော မေးမြန်းချက်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြန်လည်ဖြေကြားနိုင်ခြင်း မရှိကြောင်း ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) နောက်ဆုံးရက်တွင် တွေ့ရှိရသည်။

    ဘီးလင်းမြစ်ရေ အရည်အသွေးသည် အများပြည်သူ သောက်သုံးရန် အန္တရာယ်ရှိနေသည့်အတွက် ဖြစ်ပေါ်လာနိုင်မည့် နောက်ဆက်တွဲ အခြေအနေများအတွက် မည်သို့ စီစဉ်ဆာင်ရွက်နေသည်ကို သိရှိလိုသောမေးခွန်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

    ဒေါက်တာမင်းကြည်ဝင်းက “အပြည့်အစုံဖြေကြားဖို့ အချိန်လုံလောက်မှုမရှိသောကြောင့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၉ မှာ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိပါကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၁၁ ရက် ၆ လ ၂၀၁၉ ရက်စွဲပါစာနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဇွန်လ ၁၃ ရက်နေ့မှာ စာနဲ့ မွန်ပြည်နယ်လွှတ်တော်သို့ ကျွန်တော်တို့ ညှိနှိုင်းပြန်ကြားခဲ့ပြီးဖြစ်ပါတယ်” ဟု ပြောသည်။

    အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ ဖြေကြားရမည့်လုပ်ငန်းစဉ်မှာ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ပေါင်းစပ်လုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်နေသောကြောင့် ရေရှည်စီမံကိန်းအနေဖြင့် အသေးစိတ် အစီအမံများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

    ထို့ကြောင့် ယင်းမေးခွန်းကို ပြည်ထောင်စုအစိုးရကိုတင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဋ္ဌာနများကို သဘောထားတောင်းခံခြင်း၊ အကြံပြုချက်များရယူခြင်းနှင့် လိုအပ်သလို ညွှန်ကြားမှုများပြုနိုင်ရန် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများ၏ အစီအမံများ၊ ညှိနှိုင်းအကြံပြုချက်များ ရရှိပြီးမှသာလျှင် လာမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ ဖြေကြားပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။

    ဒေါက်တာခင်နိုင်ဦးက “လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဘီးလင်းမြစ်ရေ ပျက်စီးနေတာဆိုတာကို အကုန်လုံးက သိပြီးသားပဲ၊ ပြည်ထောင်စုအစိုးရလည်း သိတယ်။ ပြည်နယ်အစိုးရလည်း သိတယ်။ အခုမေးလိုက်တာက အစီအစဉ်ရှိပြီးသား ယုံကြည်လို့ မေးလိုက်တာပါ” ဟု ပြောသည်။

    လက်ရှိအချိန်တွင် တိကျသည့် အချက်အလက်များနှင့် ရေရှည်အစီအမံများကို ရယူပြီးလျှင် စိုးရိမ်ထိတ်လန့်စရာဖြစ်ပေါ်နေသည့် ဘီးလင်းမြစ်ရေအန္တရာယ်အကြောင်း သိရှိနိုင်စေရန်၊ အများသူများကို ချပြပေးရန်နှင့် မီဒီယာများကို ခေါ်ယူပြီး ရှင်းလင်းပေးရန် လိုအပ်ကြောင်း ဒေါက်တာခင်နိုင်ဦးက ဆက်ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) ကို ဇွန်လ ၁၂ ရက်နေ့မှ ဇွန်လ ၁၄ ရက်အထိ ကျင်းခဲ့ရာ စုစုပေါင်းမေးခွန်း ၁၂ ခုကို မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ရပ်၊ ဥပဒေကြမ်းတစ်ရပ်တို့ကို အတည်ပြုခြင်းနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

    ယခုကျင်းပပြီးစီးခဲ့သော ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် လူထုကိုယ်စားလှယ်များကြိုတင် ပေးအပ်ထားသော မေးခွန်းများကို ပြည်နယ်အစိုးရအဖွဲ့မှ နှုတ်ဖြင့်သာဖြေကြားခဲ့ပြီး အဖြေမှတ်တမ်းစာရွက်များပေးအပ်ခဲ့ခြင်းမရှိသဖြင့် ဆက်စပ်မေးခွန်းများမေးမြန်းရာတွင် ကိုယ်စားလှယ်များကိုအခက်ကြုံစေသောကြောင့် အစိုးရနှင့်လွှတ်တော်ကြား ပွတ်တိုက်မှုများရှိနေသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

    Photo-
    မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း (မွန်ပြည်နယ်လွှတ်တော်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks